စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဒီဇင်ဘာ ၉ ရက်နေ့ ညနေပိုင်းက မော်တော်ဆိုင်ကယ် မောင်းလာသူနှစ်ဦး မိုင်းနင်းမိခဲ့တာကြောင့် ဆိုင်ကယ်မောင်းနှင်တဲ့ အမျိုးသား ဒဏ်ရာရခဲ့ပြီး အနောက်ကနေ လိုက်ပါလာတဲ့ အမျိုးသမီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ အသက် (၃၇) နှစ်အရွယ် ဒေါ်တင်ထွေးမော်ဖြစ်ပြီး ဒီဇင်ဘာလ ၁ဝ ရက်နေ့မှာပဲ သင်္ဂြိုဟ်လိုက်ရတယ်လို့ ဆိုပါတယ်။
ဒေါ်တင်ထွေးမော်ဟာ စစ်ဘေးဒုက္ခသည်တွေကို ကားနဲ့ရွှေ့ပြောင်းပေးနေတဲ့ အမျိုးသားကို စိတ်မချတာကြောင့် အခြားတစ်ဦးကို ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းပြီးအပြန် စက္ကန့်ရွာအနီးမှာ မိုင်းထိခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
"သူယောက်ျားက ကလေးမြို့ကနေ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တဲ့ သူတွေကို ကားနဲ့လိုက်ပို့တာ။ အဲဒီစက္ကန့် သွားတဲ့လမ်းမှာ စကစက အဖမ်းဆီးတွေလုပ်တော့ သူယောက်ျားကို စိတ်မချလို့ အသက်နှစ်ဆယ်လောက်ရှိမယ့် ကောင်လေးတစ်ယောက်ကို ဆိုင်ကယ်နဲ့ လိုက်ပို့ခိုင်းတာ။ အဲကနေ အပြန်လမ်းမှာ မိုင်းထိတာပါ။ မတင်ထွေးမော် ကတော့ လည်ပင်းမှာ ထိသွားတာ၊ ဟိုကောင်လေးကတော့ ခြေနဲ့လက်မှာ ဒဏ်ရာရသွားတယ်"
ဒဏ်ရာရရှိခဲ့တဲ့ လူငယ်ကတော့ ကလေး ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
အဲဒီမိုင်းကို ဘယ်အဖွဲ့က ထောင်ထားသလဲဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ တိတိကျကျမသိသလို RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကစပြီး ကလေးမြို့၊ စက္ကန့်ရွာမှာ စစ်ကောင်စီတပ်သားတွေ အင်အားအလုံးအရင်းနဲ့ တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်ကတည်း စက္ကန့်ရွာအနီးမှာ အသက် (၅၀) အရွယ် ဒေါ်ဟွေးအီယာန်နဲ့ သူရဲ့သား အသက် (၃၀) အရွယ် ကိုစမြူရယ်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။