တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီ ရပ်ကွက်၊ ကမြော်ကင်းလမ်းဘေးက အစိုးရကသိမ်းယူထားတဲ့ လယ်မြေတွေမှာ တိုင်းဒေသကြီးအစိုးရနဲ့ ဝန်ထမ်းအိမ်ယာတွေ ဆောက်လုပ် ဖို့အတွက်ဆိုပြီး ခြံစည်းရိုးတွေ စတင်ဆောက်လုပ်နေတယ် လို့ သိရပါတယ်။
အဲဒီလယ်မြေတွေဟာ စိုက်ထားပြီးသား စပါးခင်းတွေဖြစ်တာကြောင့် စိုက်ပျိုးထားတဲ့ တောင်သူတွေအတွက် ဆုံးရှုံးမှုအများအပြားရှိတယ်လို့ ထားဝယ်ဝမို့ ၈၈မျိုးဆက် လူ့အခွင့်အရေးကွန်ရက်အဖွဲ့က ကိုသန်းဝင်းက ပြောပါတယ်။
ဒီလယ်မြေတွေဟာ ၁၉၉ဝ ခုနှစ်ကတည်းက အရင်စစ်အစိုးရလက်ထက်က သိမ်းယူထားတဲ့ လယ်မြေတွေဖြစ်ပြီး အခုနှစ်ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော်ပိုင်စီမံကိန်း အဆောက်အဦးတွေဆောက်လုပ်ဖို့ လုပ်ငန်းစတင်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှုး ဦးကျော်ဆွေက ပြောပါတယ်။
အဲဒီ အစိုးရအဆောက်အအုံ စီမံကိန်းအတွက် ကန်ထရိုက်စနစ်နဲ့ လယ်မြေဧက ၄၀၀ ကျော်ကို အသုံးပြုသွားမှာဖြစ်တယ်လို့လည်း ခရိုင်အုပ်ချုပ်ရေးမှုးက ပြောပါတယ်။
လက်ရှိ အဲဒီလယ်မြေတွေမှာ စိုက်ပျိုးနေတဲ့ တောင်သူတွေကလည်း နှစ်စဉ်အစိုးရဆီ လယ်ခွန်တွေ ပေးဆောင်ထားရတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။