လွှတ်တော်ရောက် မြေသိမ်းမှု၊ ပိုင်ရှင်တွေ အဖမ်းခံရ


2015.01.12

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က လယ်ယာမြေ အငြင်းပွားမှုကို ကွင်းဆင်းစစ်ဆေး ပါမယ်လို့ ပြည်သူ့လွှတ်တော် မှာ ဆွေးနွေးခဲ့ပေမဲ့ ကွင်းဆင်း မစစ်ဆေး တဲ့အပြင်၊ မူလ ပိုင်ရှင်လယ်သမားနဲ့ သူ့သားနှစ်ဦး ဖမ်းဆီးခံရပြီး၊ ဇနီးဖြစ်သူ မှာလည်း ကျေးရွာအာဏာ ပိုင်တွေက ဖမ်းဆီးမယ်ခြိမ်းခြောက်တဲ့အတွက် တိမ်းရှောင်နေရတယ်လို့ လယ်သမား အကျိုးဆောင် ကွန်ရက်အဖွဲ့က ပြောပါတယ်။

ဝါးခယ်မမြို့နယ်၊ ဘိုးဘေးအညာစုကျေးရွာအုပ်စု၊ ဓနိချောင်းကျေးရွာက လယ်သမားကြီး ဦးရွှေချိန် ကမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်း ကို မနှစ်က စက်တင်ဘာလအတွင်း တင်ပြခဲ့တဲ့ လယ်ယာမြေ အငြင်းပွားနေ တဲ့ ကိစ္စကို အောက်တိုဘာလမှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ မေးမြန်းခဲ့တာလို့ တောင်သူ လယ်သမား အကျိုးဆောင် ကွန်ရက်အဖွဲ့က ဦးဇော်ရမ်းက ပြောပါတယ်။

"ဝါးခယ်မမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းကိုယ်တိုင် လွှတ်တော် မှာ မေးခွန်းတွေမေးပြီးတော့ ရှင်းခိုင်းထားတယ်၊ အဲ့ချိန်မှာ လယ်ယာ စိုက်ပျိုးရေး ဒုဝန်ကြီး ဦးအုန်းသန်း ကိုယ်တိုင် ကွင်းဆင်းပြီးပြန်လည်စစ်ပါမယ် ဆိုပြီးတော့ ပြောထားပါလျှက်နဲ့ ခရိုင်အဆင့်၊ မြို့နယ်အဆင့်၊ တိုင်းအဆင့်တွေက လယ်ကွင်းထဲကို လုံးဝမရောက်ဘဲနဲ့ အောက်ခြေကဆုံးဖြတ်ချက်ကိုပဲ ထပ်ခါထပ်ခါ အတည်ပြုနေတဲ့အတွက် ဦးရွှေချိန်က တအား နစ်နာတဲ့အတွက် အခုတစ်ခါထပ်ပြီးတော့ စာတင်ထားတယ်၊ သူစိုက်ထားတဲ့ စပါးတွေကို တစ်ဖက်လူကလာပြီးတော့ ဖျက်စီးတယ်၊ သူကပြန်စိုက်တယ်၊ အခုမှည့်လာတဲ့ အချိန်ကျတော့ သူကဆင်းရိတ်တယ်၊ အဲ့ဒါကိုတစ်ဖက်က ခိုးမှုဆိုပြီးတော့ စပါး ၁၀၀ ကျော်ကို သိမ်းထား လိုက်ပြီးတော့ ရဲတွေကနေ သူ့သားတွေရော၊ ဦးရွှေချိန်ကိုပါ ဖမ်းထားတာပါ"

လယ်သမားကြီး ဦးရွှေချိန်ကို မနှစ်က ဒီဇင်ဘာ ၃၁ ရက်နေ့က ဖမ်းဆီးသွားတဲ့ အမှုရဲ့ အရင်းခံ ဖြစ်ရပ်ကိုလည်း ဦးဇော်ရမ်းက အခုလို ပြောပြပါတယ်။

" ၃၇၉ တပ်လိုက်တယ်၊ ဦးရွှေချိန်ပိုင်တဲ့မြေကို တခြားလူပိုင်တယ်ဆိုပြီးတော့ အငြင်းပွားပြီးတော့ ဦးရွှေချိန် နဲ့ ပြိုင်ဖက်ကနေပြီးတော့ ကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ လူကြီးတွေကို ငွေကြေးအင်အား အသုံးပြုပြီးတော့ အဲ့လယ်ကို သူ့ဖက်ပါအောင် လုပ်လိုက်တာ၊ ဦးရွှေချိန်ရဲ့လွန်ခဲ့တဲ့ ၆ နှစ်ထိပြေစာတွေ ကရှိနေတယ်"

ဦးအုန်းလွင်နဲ့ လယ်ယာမြေကိစ္စ အငြင်းပွားတာဖြစ်ပြီး ဒီနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ဦးရွှေချိန်ရဲ့ သား ဦးနိုင်ဝင်း နဲ့ ဦးဘိုဘိုတို့ကိုပါ ထပ်မံဖမ်းဆီးပြီး ဇနီး နဲ့ ဆွေမျိုးတွေကိုပါဖမ်းဆီးမယ်လို့ ကျေးရွာအာဏာပိုင်တွေက ခြိမ်းခြောက်တဲ့ အမှုလည်းဖြစ်ပါတယ်။

ဦးရွှေချိန်တို့ အမှုကို ခုလာမယ့် ၁၄ ရက်နေ့မှာ တရားရုံးတင်မယ်လို့လည်း ဦးဇော်ရမ်း က ပြောပါတယ်။

၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုကြီးထွားလာပြီး ဦးသိန်းစိန်အစိုးရလက်ထက်မှာ လူသိပိုများလာတဲ့ လယ်ယာမြေအငြင်းပွားမှုတွေ အကြောင်း တောင်သူလယ်သမား အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ဦးဇော်ရမ်း ကို ဒေါ်စမ်းစမ်းတင်က ဆက်သွယ် မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။