လယ်ယာမြေ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ကို ကြိုဆို

တောင်သူ လယ်သမားတွေ လယ်ယာမြေ သိမ်းဆည်း ခံရမှုတွေအတွက် လွှတ်တော်က စုံစမ်း ဖော်ထုတ်ပေးမယ့် ကိစ္စကို ကြိုဆိုကြောင်း၊ ၈၈ မျိုးဆက် ကျောင်းသားတွေ၊ တောင်သူ လယ်သမားအရေး ဆောင်ရွက်နေသူတွေနဲ့ ဥပဒေ ပညာရှင်တွေ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်ပါတယ်။

လယ်ယာမြေ သိမ်းခံရသော လယ်သမားများ စုဝေး ဆန္ဒပြနေကြစဉ်။ RFA

ဒီကြေညာချက် ထုတ်ပြန်ရတာနဲ့ ပတ်သက်လို့ (၈၈) မျိုးဆက် ကျောင်းသားများ အဖွဲ့ရဲ့ တောင်သူ လယ်သမား အခွင့်အရေး ကာကွယ် မြှင့်တင်ရေးဌာန တာဝန်ခံ ကိုထွန်းမြင့်အောင်က RFA ကို အခုလို ပြောပါတယ်။

"ပြီးခဲ့တဲ့ လွှတ်တော်မှာ တောင်သူလယ်သမားတွေ မြေယာသိမ်းခံရတာနဲ့ ပတ်သက်ပြီးတော့ တောင်သူလယ်သမားတွေဘက်က နစ်နာမှု မရှိစေအောင် တရားမျှတစွာ ဖြေရှင်းရေး အဆိုကို တင်တယ်။ အဲဒီအဆိုနဲ့ ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုခဲ့တယ်။ အတည်ပြုပြီးတော့ ဒီမြေယာကိစ္စနဲ့ ပတ်သက်ပြီးတော့ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ဆိုပြီး သဘောတူလိုက်တယ်။ အဲဒီစုံစမ်းရေး ကော်မရှင် ဖွဲ့လိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ တောင်သူ လယ်သမားရေး ဆောင်ရွက်နေတဲ့သူတွေ အားလုံးနဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေက ပေါင်းပြီးတော့ ကျွန်တော်တို့ရဲ့ သဘောထား တစ်ခုကို ထုတ်ပြန်ပေးတာပါ"

တောင်သူ လယ်သမားတွေအရေး ကူညီဆောင်ရွက်ပေးမယ့် စုံစမ်းရေး ကော်မရှင်အနေနဲ့ ပြည်သူလူထု တရပ်လုံးရဲ့ ယုံကြည်အားကိုးမှု အပြည့်အ၀ ရရှိဖို့ အရေးတကြီး လိုအပ်သလို တောင်သူ လယ်သမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ် ဆောင်ရွက်ရာမှာ လွတ်လပ်မှု အပြည့်နဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့ လိုအပ်သလို လယ်သမားအရေး ကူညီ ဆောင်ရွက်လိုစိတ်ရှိတဲ့ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးကြောင်းကိုလည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် စုံစမ်းရေး ကော်မရှင်ရဲ့ လုပ်ငန်း ဆောင်ရွက်ချက်တွေကို စောင့်ကြည့် လေလာ့ သုံးသပ်မဲ့ အဖွဲ့ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဖွဲ့စည်း သွားဖို့ကိုလည်း အကြံပြုထားပါတယ်။

ဒီကြေညာချက်ကို (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်မြှင့်တင်ရေးဌာန တာဝန်ခံ ဦးထွန်းမြင့်အောင်၊ တောင်သူလယ်သမား သမဂ္ဂ ဖွဲ့စည်းရေး ကော်မတီ တာဝန်ခံ မစုစုနွေး၊ Purple Equity Law Firm, မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ၊ ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက် တာဝန်ခံ ဦးဝေဠု၊ ဦးဝင်းချို၊ ဦးဟန်ရှင်ဝင်း စတဲ့ လယ်သမားအရေး ဆောင်ရွက်နေသူတွေက ဦးဆောင် လက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တောင်သူ လယ်သမားသမဂ္ဂ ဖွဲ့စည်းရေး ကော်မတီ တာဝန်ခံ မစုစုနွေးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org