မြေယာအငြင်းပွားမှုကိစ္စ ကနီမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အင်တိုင်းတောကျေးရွာမှာ အငြင်းပွားနေတဲ့ မြေကိစ္စနဲ့ ပတ်သက်ပြီး တောင်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပုဂ္ဂလိကကုမ္ပဏီအကြား ဒီနေ့ ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

ကနီမြို့နယ် အင်တိုင်းတောကျေးရွာမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က မြေယာအငြင်းပွားမှုကိစ္စ ရုန်းရင်းဆန်ခတ် ဖြစ်ပွားစဉ် Photo: Aung Nay Myo - facebook

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် အင်တိုင်းတောကျေးရွာမှာ အငြင်းပွားနေတဲ့ မြေကိစ္စနဲ့ပတ်သက်ပြီး တောင်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီအကြား ဒီနေ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။

မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တရားရုံးရဲ့ ဆုံးဖြတ်ချက်အရ ကုမ္ပဏီက မြေပိုင်ဆိုင်ခွင့်ရရှိသွားတဲ့အတွက် မြေအပ်ဝရမ်းလာပေးရာမှာ တောင်သူတွေက တားဆီးရင်း ရုန်းရင်းဆန်ခတ်ဖြစ်တာလို့ ဒေသခံတောင်သူ ဦးဆန်းလွင် က ပြောပါတယ်။

"တရားရုံးက ဘစ်လစ်တွေနဲ့လာပြီးတော့ အပ်ဝရန်း လာအပ်တဲ့နေရာမှာ တောင်သူတွေကနေပြီးတော့ မအပ်နိုင်ပါဘူးဆိုပြီး တစ်ယောက်နဲ့တစ်ယောက် တောင်သူကလည်း ဝင်မယ့်လမ်းကို အဝင်မခံဘဲ ပိတ်ထားတယ် ရဲအဖွဲ့ကလည်း တိုးတယ်။ တိုးတာကနေ တဖက်နဲ့တဖက် အပြန်အလှန် တွန်းတာကနေ ရဲဘက်က နောက်ဆုတ်သွားတယ်"

ကနီမြို့နယ် ပေါက်အင်းတောင်သစ်တောကြိုးဝိုင်းထဲမှာ ကြက်ဆူပင်စီမံကိန်း စိုက်ပျိုးဖို့ဆိုပြီး မြေဧက ၃၂၀၀ မှာ ၂၀၀၉ ခုနှစ်ကစပြီး နှစ် ၃၀ လုပ်ပိုင်ခွင့်ကို တင်ဝင်းထွန်း ကုမ္ပဏီက ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီမြေတွေထဲမှာ တောင်သူ ၃၀၀ နီးပါး လုပ်ကိုင်နေတဲ့ မြေယာတွေ ပါဝင်ပြီး တောင်သူတွေအတွက် လျော်ကြေး တစ်စုံတစ်ရာ မရခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စီမံကိန်းလုပ်ခွင့်ရရှိထားတဲ့ မြေပေါ်မှာ တောင်သူတချို့ကို ကုမ္ပဏီက မြေယာအငှားချထားတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ကုမ္ပဏီနဲ့ ဒေသခံတွေဟာ ၂၀၀၉ နောက်ပိုင်းမှာ မြေယာပြဿနာ တောက်လျောက်ဖြစ်ပွားခဲ့ပါတယ်။ ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှု၊ ခြိမ်းခြောက်မှုစတာတွေနဲ့ တောင်သူတွေကို တရားစွဲဆိုခဲ့ပြီး တောင်သူ ၇ ဦး လောက် ထောင်ကျခဲ့ပါတယ်။

အဲဒီမြေပေါ်မှာ နေထိုင်နေတဲ့ လူဦးရေ ၄၀ နီးပါးကို အပြီးအပိုင် ဖယ်ရှားပေးဖို့ဆိုပြီး ၂၀၁၃ ခုနှစ်ကတည်းက တရားစွဲဆိုထားရာမှာ တရားရုံးဆုံးဖြတ်ချက်အရ ကုမ္ပဏီက အနိုင်ရရှိခဲ့တယ်လို့ တောင်သူတွေက ပြောပါတယ်။

မြေပိုင်ဆိုင်မှုကို ကုမ္ပဏီက ရရှိသွားတာကြောင့် တောင်သူတွေကို မြေပြန်အပ်ဖို့ ဝရမ်းပေးပြီး မြေပေါ်ကနေ ဖယ်ရှားပေးဖို့ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀ လောက် ရောက်ရှိလာချိန်မှာ ပြဿနာဖြစ်ပွားခဲ့တာပါ။

အဲဒီမြေဧက ၃၂၀၀ ထဲမှာ ကုမ္ပဏီက ဧက ၁၉၀ လောက်မှာသာ သစ်တောသီးနှံ ရောနှောစိုက်ခင်းကို စိုက်ပျိုးနေတာကြောင့် စီမံကိန်းအကောင်အထည်မဖော်တဲ့ မြေတွေမှာ စိုက်ပျိုးခွင့်ပေးဖို့ ဒေသခံတွေက တောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org