ယင်းမာပင်မြို့ လည်ငေါက်ရွာမှာ နှစ်ရက်ဆက် မီးရှို့ခံနေရ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာမှ နေအိမ်တချို့ကို တွေ့ရစဉ်
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့က မီးရှို့ဖျက်ဆီးခံရသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာမှ နေအိမ်တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လည်ငေါက်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက် လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၇ ရက် မနေ့ညကစပြီး ဒီကနေ့အထိ အိမ်တွေမီးရှို့နေလို့ ရွာသားတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က မေလ ၂၇ ရက်ညမှာ တစ်ကြိမ်နဲ့ ဒီနေ့ မေလ ၂၈ ရက် နေ့လယ်ပိုင်းမှာတစ်ကြိမ် မီးရှို့နေတာလို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ယောက်က RFA ကို ပြောပါတယ်။

"စစ်သားတွေက ရွာမှာတပ်စွဲတာ၊ သူတို့လာတော့ တစ်ရွာလုံး၊ ဘုန်းကြီးတွေကအစ ထွက်ပြေးနေကြရတယ်။ ညပိုင်းမှာမီးရှို့တာ အိမ်တွေတော်တော်များများပါတယ်။ ဒီနေ့ နေ့ခင်းမှာလည်း ထပ်ရှို့နေတယ်။ သူတို့ရှိနေတော့ ဘယ်သူမှမပြန်ရဲကြတော့ ဘယ်လောက်ရှို့ခံရလဲ အတိကျမသိရသေးဘူး"

လည်ငေါက်ကျေးရွာမှာ အိမ်ခြေပေါင်း ၂၀၀ ကျော် လူဦးရေ တစ်ထောင်ကျော် နေထိုင်ကြတဲ့ရွာဖြစ်ပြီး ရွာထဲမှာ စစ်ကောင်စီတပ်တွေက တပ်စွဲထားလို့ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ စစ်ကြောင်းတွေအနေနဲ့ ကျေးရွာတွေထဲဝင်ပြီး နေအိမ်တွေမီးရှို့တာတွေမလုပ်ဘဲ ဒါတွေဟာ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းထဲက အဲဒီဒေသတွေဟာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတဲ့ ဒေသဖြစ်ပြီး အခု လတ်တလောမှာတော့ ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ခံထားရတယ် လို့ ဒေသခံတွေက ပြောပါတယ်။

RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်ကိုင်းတိုင်းအတွင်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ကနေ မေလ ၂၄ ရက်နေ့အထိ အချိန် နှစ်လနီးပါးအတွင်း မြို့နယ်ပေါင်း ၁၉ ခုမှာ မီးရှို့ခံရတဲ့ အိမ်ပေါင်း ၆၂၈၁ လုံး ရှိနေပါတယ်။