လိုင်ဇာမြို့ထဲ လက်နက်ကြီး ကျည်ဆံတစ်ချို့ကျရောက် ပေါက်ကွဲ
2013.01.14

ဒီကနေ့ မနက်ပိုင်း ၈နာရီကျော်အချိန်လောက်က လိုင်ဇာမြို့လယ်၊ သျှင်းလီဟိုတယ်နဲ့ မြစ်ကြီးနားဟိုတယ်အနီးက လူနေအိမ်တွေရဲ့အပေါ် လက်နက်ကြီး ကျည် ၄လုံးကျရောက်ခဲ့ပြီး ၃လုံး ပေါက်ကွဲခဲ့တဲ့အတွက် အဲဒီမှာ မီးလှုံနေကြတဲ့ လိုင်ဇာမြို့ဒေသခံ ၃ဦး အပါအဝင် အနီးအနားမှာရှိတဲ့သူတွေ ထိမှန်ခဲ့တာဖြစ်ပါတယ်။
လိုင်ဇာမြို့ခန်းမမှာ ခေတ္တလာရောက်ခိုလှုံနေပြီဖြစ်တဲ့ အသက် ၃၇နှစ်အရွယ် ဦးတူးမိုင် က ဒီမနက်က သူကြုံတွေ့လိုက်ရပုံကို အခုလို ပြောပါတယ်။
"ကျနော်ရှိတဲ့နေရာနဲ့ ပထမကျတာက တစ်ဖာလုံနည်းနည်းကျော်တယ်၊ နောက်ကျတဲ့နေရာကတော့ တစ်ဖာလုံတောင်မရှိဘူး၊ ကိုက်ငါးဆယ်လောက်ပဲရှိတယ်၊ ဟိုဘက်က ဒုံးကနဲအသံကြားကျတော့ ကျနော်လည်းမီးလှုံနေတာ ဖုံးကနဲတစ်ခါကျတော့ မီးခိုးတွေတထောင်းထောင်းတွေ့တော့ ကျနော်လည်း တန်းပြေးတော့တာပဲ၊ ကျနော်တို့ ပြည်သူပြည်သားတွေက ငြိမ်းချမ်းရေးတော့လိုချင်တယ်၊ ဒါပေမယ့် အုပ်ချုပ်နေတဲ့စစ်အစိုးရက ဘယ်လိုအမြင်ရှိထားလို့ ငြိမ်းချမ်းရေးမယူကြလဲ အဲဒါတော့ ကျနော်မပြောနိုင်ဘူး"
ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ ပက်သတ်ပြီး RFA က ကချင်လွတ်လပ်ရေးတပ်မတော် KIA ကို ဆက်သွယ်မေးမြန်းပေမယ့် သူတို့အနေနဲ့ လောလောဆယ် တစ်စုံတစ်ရာပြောကြားလိုခြင်း မရှိသေးကြောင်း ပြန်ကြားခဲ့ပါတယ်။
လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် လိုင်ဇာမြို့ခံတစ်ချို့က တရုတ်နယ်စပ်ဂိတ်ရှိရာကို အပြေးအလွှား ပြောင်းရွှေ့သွားရောက်ပြီး တရုတ်နိုင်ငံဘက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသလို တချို့က ခေတ္တခိုအောင်းလို့ရမယ့် နေရာတွေဆီ ရွှေ့ပြောင်းနေကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက လိုင်ဇာမြို့ ဝန်းကျင် နဲ့ အနီးက တောင်ကုန်းတောင်စောင်းပေါ်ကိုသာ လက်နက်ကြီး ကျည်တွေ မကြာခဏ ကျရောက်ခဲ့ပေမဲ့ မနေ့ကတော့ လိုင်ဇာမြို့လယ်ကို ပထမဆုံးအကြိမ် ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရဘက်က တစုံတရာ ပြောဆိုသံမကြားရသေးပေမဲ့ နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က သူရဲ့အင်တာနက် လူမှုကွန်ရက်စာမျက်နှာမှာ ဖေါ်ပြထားရာမှာ ဇန်နဝါရီ ၁၄ရက်နေ့ မနက်က လဂျားယန်ဒေသတဝိုက်မှာ တပ်မတော်ဘက်က တိုက်ခိုက်မှုလုံးဝမရှိခဲ့ကြောင်း၊ စစ်ဘက်လေယာဉ် ပျံသန်းမှုလည်းမရှိကြောင်း၊ လိုင်ဇာမြို့လယ်မှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်ဆိုတဲ့ သတင်းအပေါ်လွတ်လပ်တဲ့ အတည်ပြုချက်တွေ့ရဖို့လိုကြောင်း၊ ဘယ်သူတွေကပစ်တယ်၊ ဘာကြောင့်ဖြစ်ရတယ်ဆိုတာတွေ အတည်ပြုနိုင်ဖို့လိုကြောင်း၊ တစ်ခုသေချာကတော့ တပ်မတော်မှာ အရပ်သားပစ်မှတ်တွေကို တမင်ရည်ရွယ်တိုက်ခိုက်တာမျိုး လုံးဝမရှိကြောင်းဖေါ်ပြထားပါတယ်။
အခုလိုလက်နက်ကြီးတွေ ကျရောက်ခဲ့တာကြောင့် လိုင်ဇာမြို့ခံတစ်ချို့ တရုတ်နယ်စပ်ဂိတ်ရှိရာကို အပြေးအလွှားသွားရောက်ပြီး တရုတ်နိုင်ငံဘက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြသလို၊ တချို့လည်းခေတ္တခိုအောင်းလို့ရမယ့် နေရာတွေဆီ ရွှေ့ပြောင်းနေကြပါတယ်။ လိုင်ဇာမှာ ဒေသခံလူဦးရေ နှစ်သောင်းဝန်းကျင်၊ နေရာ ရွှေပြောင်းလာကြသူ တစ်သောင်းခွဲလောက်ရှိမယ်လို့ ကူညီရေးလုပ်သားတစ်ယောက်က ခန့်မှန်းပါတယ်။
လက်နက်ကြီးကျည်တွေ နောက်ထပ်ကျလာမယ်ဆိုရင် တရုတ်ပြည်ဘက် ထွက်ပြေးဖို့သာရှိတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ HRW လူ့အခွင့်အရေးအဖွဲ့က မက်သယူးစမစ် က တိုက်ပွဲတွေ ပြင်းထန်လာလို့ ဒုက္ခသည်အများအပြား တရုတ်ပြည်ထဲဝင်လာကြမှာဖြစ်သလို၊ တရုတ်ဘက်လည်း ကြာရှည်လက်မခံဘဲ ပြန်ပို့မယ့်အရေး စိုးရိမ်ရတယ်လို့ ပြောကြားပါတယ်။
အခုလို ကချင်ပြည်နယ်မှာ အရပ်သားတွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဗြိတိန်ပါလီမန်မှာ လေဘာပါတီအမတ် Valerie Vaz က ပါလီမန်ကို အရေးပေါ်မေးမြန်းချက် တင်သွင်းထားပါတယ်။
ဒီကနေ့ လိုင်ဇာမှာ လက်နက်ကြီးကျည်ဆံတွေ ကျရောက်ပေါက်ကွဲတာနဲ့ ပတ်သက်ပြီး ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်းကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။
![]() |
အသံဖိုင်နားထောင်ရန် |
![]() |
အသံဖိုင်ယူရန်။ |