နှစ် ၅၀ အတွင်း ပထမဆုံး အလုပ်သမားညီလာခံ ရန်ကုန်မှာ ကျင်းပ


2013.04.29
labour-conference-305.jpg ပထမဆုံးအကြိမ် အလုပ်သမားအဖွဲ့အစည်း ညီလာခံကို ရန်ကုန်မြို့၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဧပြီလ ၂၉ ရက်နေ့က ကျင်းပနေပုံ
photo: RFA/ Kyaw Zawe Win

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် အလုပ်သမားအဖွဲ့အစည်းတွေရဲ့ ညီလာခံကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းမှာရှိတဲ့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့ စတင်ကျင်းပပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့အစည်း(ILO)၊ Friedricf Ebert Stiftunge၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဒီညီလာခံကို ၂ ရက်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ၊ ကျန်းမာရေးကိစ္စတွေ၊ ILOရဲ့ လုပ်ငန်းစဉ်တွေကို သိရှိအောင် အခုလိုညီလာခံ ကျင်းပရတာဖြစ်တယ်လို့ အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

“ဒီကနေ့ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်အမှုဆောင်များ တက်ရောက်တဲ့ ညီလာခံကို အလုပ်သမားအဖွဲ့အစည်း ဥပဒေနဲ့ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းမှု တစ်နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်အနေနဲ့သော်၎င်း၊ နိုင်ငံတော်စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ အလုပ်သမားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့ အဖွဲ့အစည်းများဖွဲ့စည်းမှုကို အရှိန်အဟုန်မြှင့်တင်ရန်၎င်း၊ စုပေါင်းအရေးဆိုခွင့်၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးတို့အပါအဝင် အလုပ်သမားရေးရာများနဲ့ ပတ်သက်ပြီး သိမြင်လာစေရန်၎င်း၊ မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အလုပ်သမားရေးရာကိစ္စရပ်များအား ပူးပေါင်းဆောင်ရွက်လျှက်ရှိတဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ယနေ့ညီလာခံတက်ရောက်သူများအား သိရှိစေရန်၎င်း ရည်ရွယ်ပြီးကျင်းပခြင်းဖြစ်ပါတယ်”

လာမယ့် ဇွန်လအတွင်း ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပမယ့် (၁၀၂) ကြိမ်မြောက် အလုပ်သမားညီလာခံကို မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် တက်ရောက်ဖို့ကိုလည်း ဒီညီလာခံကနေ မဲစနစ်နဲ့ ရွေးချယ်သွားမှာဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell၊ ဂျနီဗာအခြေစိုက် ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Gregory Vines၊ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရှင်နဲ့ အလုပ်သမားသမဂ္ဂ အဖွဲ့အစည်းပေါင်း ၄၅၀ ကျော်တက်ရောက်ခဲ့ကြပါတယ်။

ညီလာခံ ပထမနေ့အခမ်းအနားကို တက်ရောက်သတင်းရယူခဲ့တဲ့ RFA သတင်းထောက် မအိအိခိုင် သတင်းပေးပို့ထားတာ နားဆင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။