ကျွန်းလှ ချောင်းကြားရွာမှာ နေအိမ် ၂၃ လုံးမီးလောင်ပြီး ဒေသခံ ၅၀၀ နီးပါး ထွက်ပြေး

RFA Burmese
2023.01.29
ကျွန်းလှ ချောင်းကြားရွာမှာ နေအိမ် ၂၃ လုံးမီးလောင်ပြီး ဒေသခံ ၅၀၀ နီးပါး ထွက်ပြေး ကျွန်းလှမြို့နယ်၊ ချောင်းကြားရွာမီးလောင်နေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့ကတွေ့ရစဉ်။
ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ချောင်းကြားရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၉ ရက်မှာ မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၃ လုံး မီးလောင်ပြီး ဒေသခံငါးရာနီးပါး ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ချောင်းကြားရွာကို ဇန်နဝါရီလ ၂၈ ရက် စနေနေ့ညနေမှာ ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ မီးရှို့ခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

"မနက်ပိုင်း ၈ နာရီ ၃၅ မိနစ်က ရှို့တာပါ။ မူလအိမ်ခြေက ၁၁၈ အိမ်ရှိပါတယ်။ ရွာထဲကတော့ ပြန်ဝင်လို့ မရသေးဘူး"

စစ်ကောင်စီတပ် ဝင်ရောက်တာကြောင့် ဒေသခံ ၄၇၀ ကျော် အိုးအိမ်စွန့်ခွာထွက် ပြေးနေရတယ်လို့ သူကပြောပါတယ်။

ချောင်းကြားရွာကို စစ်ကောင်စီတပ်က ခြေမြန်တပ်ရင်း ခလရ (၃၆၈) နဲ့ ပျုစောထီး အမည်ခံ အာဏာသိမ်းမှု လိုလားသူတွေ ပူးပေါင်းထားတဲ့ အင်အား ၁၂၀ နီးပါး ဝင်ရောက်စီးနင်းခဲ့တာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

ဒီမီးရှို့မှုမှာ နေအိမ် ၂၃ လုံးနဲ့ စပါးကျည် ၁၃ လုံး ပျက်ဆီးခဲ့ပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကလည်း ချောင်းကြားရွာက နေအိမ် ရှစ်လုံး မီးရှို့ခံခဲ့ရတယ်လို့ လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA ကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

လက်ရှိမှာ စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးကြောင့် စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်က ချောင်းကြားရွာ အပါအဝင် ပင့်သာရွာ၊ ဖလားရရွာ၊ အင်းမရွာ၊ ညောင်ကုန်းရွာ၊ မန်ကျည်းကုန်းရွာ၊ တောင်ယာဆိပ်ရွာ စတဲ့ ရွာပေါင်း ၁၂ ရွာက ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။