ကျိုက်ထိုဒေသခံ တစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရ
2024.06.27

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့သလို လေးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး လူတစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဇွန်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ဇွန်လ ၂၁ ရက်နေ့က ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် (အမတ-၃၁၀) တပ်ရင်းစခန်းကနေ ပစ်ခတ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ခရွဲကျေးရွာက ဘုန်းကြီးကျောင်းက သံဃာ နှစ်ပါးနဲ့ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဇွန်လ (၁၄) ရက်နေ့ကလည်း အဲဒီတပ်ရင်းကပဲ လက်နက်ကြီးနဲ့ ပစ်တာကြာင့် အသက် (၁၄) နှစ်အရွယ် မိန်းကလေးတစ်ဦး ထိမှန်သေဆုံးခဲ့ပြီး တစ်နှစ်ကျော်အရွယ် ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာတွေထဲကို နေ့စဉ် လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ကျိုက်ထိုမြို့နယ်က KNU ထိန်းချုပ်နယ်မြေမှာ စစ်ဘေးဒုက္ခသည် တစ်သောင်းကျော်ရှိနေပြီလို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်တပ်အာဏာသိမ်းချိန်ကနေ ၂ဝ၂၄ ခုနှစ် မေလအထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အရပ်သား တစ်သန်းကျော်ရှိလာပြီလို့ KNU က ဇွန်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။