ကျိုက်မရောမြို့နယ်မှာ လက်နက်ကြီးကြောင့် နေအိမ်သုံးဆယ်ကျော် မီးလောင်ပျက်စီး

၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာရှိ မီးလောင်နေသည့်နေအိမ်များအား မီးသတ်တပ်ဖွဲ့များမှ မီးငြိမ်းသတ်နေကြစဉ်။
၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့က ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာရှိ မီးလောင်နေသည့်နေအိမ်များအား မီးသတ်တပ်ဖွဲ့များမှ မီးငြိမ်းသတ်နေကြစဉ်။ (Htet Naing Lin/ FACEBOOK)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသရွာမှာ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် မတ်လ ၂၇ ရက်နေ့က ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ရွာထဲကနေအိမ်အများစု မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်သုံးဆယ်ကျော်လောက် မီးလောက်ခဲ့ကြောင်း ဓမ္မသ ကျေးရွာကို မီးသွားရောက်ငြှိမ်းပေးခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောပါတယ်။

"လက်နက်ကြီးကျတာဆိုတော့ မီးလောင်တာပေါ့၊ နှစ်ဘက်ကလည်း တင်းမာနေတယ်၊ နယ်ခံမီးသတ်ကားသုံးစီးလောက်ပဲရှိတယ်၊ မီးက သုံးနေရာလောက် လောင်တယ်ဆိုတော့ ကျွန်တော်တို့ကတော့ ဝိုင်းကူညီပေးတယ်၊ မီးတအားများတော့ သေချာမရေနိုင်ဘူး၊ ခန့်မှန်းတော့ အိမ်သုံးဆယ်ကျော်လောက်တော့ ရှိမယ်"

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ညနေ ၄ နာရီလောက်ကနေ မီးစတင်လောင်ခဲ့ပြီး ည ၇ နာရီလောက်မှာ ကျေးရွာထက်ဝက်လောက် မီးလောင်ပျက်စီးနေပြီး မီးဆက်လက်လောင်ကျွမ်းနေတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေနဲ့ မီးလောင်ရာမှာ ကူညီငြှိမ်းသတ်နေသူတွေရဲ့ ဖေ့ဘွတ်စ်လူမှုကွန်ရက်တွေမှာ ရေးသားထားပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ဓမ္မသ ကျေးရွာဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာက နယ်မြေရဲစခန်းနဲ့ အနီးဝန်းကျင်က ကျေးရွာလည်းဖြစ်ပါတယ်။

မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် အစပ်မှာရှိပြီး စစ်ကောင်စီဘက်က စခန်းပြန်ရဖို့ ထိုးစစ်ဆင်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။