ကဗျာဆရာမကြီး (ဒေါ်) ကြည်အေး ကွယ်လွန်ပြီ

ခေတ်သစ်မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားလှတဲ့ ကဗျာဆရာနဲ့ စာရေးဆရာမကြီး (ဒေါ်) ကြည်အေးဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဒီဇင်ဘာ ၂၈ ရက် မနေ့မနက် ဒေသစံတော်ချိန် မနက် ၆ နာရီ ၄၉ မိနစ်က ကွယ်လွန်သွားပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဒီဇင်ဘာလ ၂၈ ရက်နေ့က ကွယ်လွန်သူ ကဗျာဆရာနဲ့ စာရေးဆရာမကြီး (ဒေါ်) ကြည်အေး ကို တွေ့ရစဉ်

ခေတ်သစ်မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားလှတဲ့ ကဗျာဆရာနဲ့ စာရေးဆရာမကြီး (ဒေါ်) ကြည်အေး ဟာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ဒီဇင်ဘာ ၂၈ ရက် မနေ့မနက် ဒေသစံတော်ချိန် မနက် ၆ နာရီ  ၄၉ မိနစ်က ကွယ်လွန်သွားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်က အသက် ၈၇ နှစ်ပြည့်တဲ့ ဒေါ်ကြည်အေး ကွယ်လွန်သွားတဲ့အကြောင်း သမီးဒေါ်မိုးဆွေမြင့် က ပြောပြပါတယ်။

ဒေါ်ကြည်အေးဟာ ၂၀ မပြည့်သေးခင် ၁၉၄၇ ခုမှာ ထုတ်ဝေတဲ့ တာရာမဂ္ဂဇင်းအတွဲ (၁) ၊အမှတ် (၄) မှာ `ထိုည´ ဝတ္ထုတိုနဲ့ စာပေနယ် စတင်ဝင်ရောက်လာပါတယ်။ ဒါပေမဲ့ နောက်မျိုးဆက်သစ်တွေ လက်ထက်မှာမှ သူ့စာနဲ့  ကဗျာတွေကို ပိုလက်ခံလာတယ်လို့ ဒေါ်ကြည်အေးက ပြောဖူးပါတယ်။

ဒေါ်ကြည်အေးဟာ အတွေးအရေးဆန်းသစ်ပြီး ကိုယ်တိုင်စိတ်ရောဂါကု သမားတော်ကြီးဖြစ်တာမို့ လူ့စိတ်လူ့ သဘာဝကို ထိထိမိမိကွက်ကွက်ကွင်းကွင်း ရေးသားနိုင်သူဖြစ်ပါတယ်။

ဒေါ်ကြည်အေးရေးသားတဲ့ ကျမပညာသည်၊ နွမ်းလျအိမ်ပြန်၊ ဖုန်းသက်တိုင်၊ မီ၊ တမ်းတတတ်သည်၊ ကေဖွဲ့ဆိုသီ ၊ မောင်၊ ကိုကိုနဲ့ မြနန္ဒာ စာအုပ်တွေနဲ့ သူပြည်ပရောက်ပြီးမှ ထုတ်ဝေတဲ့ကြည်အေး ကဗျာပေါင်းချုပ်စာအုပ်တွေဟာ အထူးထင်ရှားလှပါတယ်။

ဘဝမှတ်တမ်းဆန်တဲ့ ဘဝအစွန် စာအုပ်နဲ့ ပွင့်တင်္ဂ ကဗျာစာအုပ်နှစ်အုပ်ဟာ ဒေါ်ကြည်အေးရဲ့ နောက်ဆုံး လက်ရာတွေ ဖြစ်ပါတယ်။ ဘဝအစွန် စာအုပ်ကို ၂၀၁၅ မှာ နှင်းဆီဖြူစာပေတိုက်က ထုတ်ဝေပြီး ၈၀ ကျော် အနုပညာရှင်တစ်ဦး ဘာသာရေးပေါ်ရှုမြင်ခံစားရတာတွေကို ရေးသားတဲ့ ကဗျာတွေကို ဆန်းစသော်တာ စာအုပ်တိုက်က  ပွင့်တင်္ဂ အမည် ဒီနှစ်ထဲ ထုတ်ဝေခဲ့ပါတယ်။

ဒေါ်ကြည်အေးဆန္ဒအတိုင်း မိသားစုသီးသန့်တက်ရောက်တဲ့ ဈာပနမှာ မီးသဂြိုဟ်ပြီး အရိုးပြာတွေကို ဗုဒ္ဓဂါယာ မှာ မြှုပ်နှံမယ်လို့ ဒေါ်မိုးဆွေမြင့် ကပြောပါတယ်။

ဒေါ်ကြည်အေး ကဗျာတွေထဲ တစ္ဆေနဲ့ သစ္စာသစ်ကို လူသိများပြီး ကိုယ့်ချစ်ဦးဝတ္တုမှာပါတဲ့ ဖြောင့်မတ်သူ သည် လောကအရေးမှာ ရှုံးနိမ့်တတ်သည်။ သို့သော်တသက်လုံးကား လိပ်ပြာလုံလေတော့သည်။ ဒါသာအမြတ်ဖြစ်၏ ဆိုတာကို အများက ကိုးကားပြောဆို တတ်ပါတယ်။

ကွယ်လွန်သူ စာရေးဆရာကဗျာဆရာမကြီး ဒေါ်ကြည်အေးရဲ့ စာနဲ့ ကဗျာများအကြောင်း စာရေးဆရာကဗျာဆရာနဲ့ သီချင်းရေးဆရာတွေရဲ့ ပြန်လည်ပြောပြချက်များကို ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org