ကြေးစင်တောင်နဲ့ စံပယ်တောင် ဒေသခံတွေ ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကြေးစင်တောင်နဲ့ စံပယ်တောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ရာနဲ့ချီတဲ့ဒေသခံတွေဟာ တောင်းဆိုထားတဲ့အတိုင်း မြေယာလျော်ကြေးပေးရေး နဲ့ သောက်သုံးရေ သန့်စင်ကောင်းမွန်အောင် ဆောင်ရွက်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲဟာ စတုတ္ထအကြိမ်ဖြစ်ပြီး မုံရွာ-ပုသိမ်လမ်းမပေါ်မှာရှိတဲ့ ကံကုန်းရွာထိပ်ကနေ စီမံကိန်းအတွင်းက အက်ဆစ်စက်ရုံရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကံကုန်းရွာသား ကိုအောင်စိုးက အခုလို ပြောပါတယ်။

" မြေယာလျော်ကြေးရရှိရေး၊ နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ သောက်သုံးရေရရှိအောင် ဆောက်ရွက်ပေးဖို့၊ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ ကြားမှာရှိတဲ့ ဒုတ္ထာမြေတွေကို တူးဖော်ပြီးတော့ အနာဂတ်ပြန်လည် စိုက်ပျိုးနိုင်တဲ့မြေဖြစ်အောင် ဆောင်ရွက်ပေးဖို့၊ မိုးကြိုးဆာလဖြူရစ်အက်ဆစ်စက်ရုံကို အဝေးတစ်နေရာကို ရွေ့ပြောင်းပေးဖို့၊ တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးဖို့၊ စီမံကိန်းရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပြီးတော့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးဖို့ ကျနော်တို့တောင်းဆိုထားပါတယ်"

ကြေးစင်တောင်နဲ့ စံပယ်တောင် ကြေးနီစီမံကိန်းကို ၁၉၈၇ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က အကောင်အထည်ဖေါ်ခဲ့တာဖြစ်ပြီး ဒေသခံတွေက ဒီနှစ်ပိုင်းအတွင်းမှာ သူတို့လိုချင်တဲ့လျော်ကြေးကို စတင်တောင်းခံနေတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ကံကုန်း၊ ဂုဏ်တော၊ ရွာသာ၊ ဝါးတန်း၊ တယ်ပင်ခံစတဲ့ ကျေးရွာတွေက လယ်ယာမြေဧကပေါင်း ငါးထောင်နီးပါးလောက်ကို ကြေးစင်တောင်နဲ့ စပယ်တောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။