နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ရုံးထုတ်

2021.03.30
နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ရုံးထုတ် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် (ဝဲဘက်) နဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း တို့ကို တွေ့ရစဉ်
.

စစ်ကောင်စီက ဖမ်းထားတဲ့ NLD ပါတီရဲ့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်နဲ့ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း တို့ကို နေပြည်တော် အချုပ်ထောင်က ယာယီတရားရုံးမှာပဲ မတ် ၃၀ ရက်၊ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။

ဒီနေ့ ရုံးထုတ်မှာတော့ မှုခင်းစီမံခန့်ခွဲမှုလုပ်ခဲ့ပြီး ဦးသန့်ဇင်ထွန်း အမှု နဲ့ ဦးကျော်မင်းလှိုင်အမှု တို့ကို ၆ လအတွင်း အပြီးစစ်ဖို့ သတ်မှတ်ခဲ့တယ်လို့ အမှုကို လိုက်ပေးနေတဲ့ ရှေ့နေအဖွဲ့က တရားလွှတ်တော် ရှေ့နေ ဦးသဲမောင်မောင်က RFA ကို ပြောပါတယ်။

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က မတ်လ ၁ ရက်နေ့က ဖမ်းဆီး ခံရတာဖြစ်ပြီး၊ ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းက တော့ မတ်လ ၂ ရက်နေ့က ဖမ်းဆီးခံရတာပါ။ ပြီးခဲ့တဲ့ ရုံးချိန်းမှာတော့ သူတို့မိသားစုတွေနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ NLD ဥက္ကဋ္ဌ ဦးမင်းသူကိုတော့ ဒီနေ့ ရုံးထုတ်တာ မတွေ့ရဘဲ ဦးမင်းသူ အမှုကို လိုက်ပေးဖို့အတွက် ရှေ့နေ ကိုယ်စားလှယ်ပါဝါရဖို့ အချုပ်ထောင်ပိုင်ကနေတဆင့် ကြိုးစားခဲ့တယ်လို့ ရှေ့နေအဖွဲ့က သိရပါတယ်။

ဦးမင်းသူဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဥတ္တရသီရိမြို့နယ်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်ကနေ ဒီနေ့အထိ မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မရသေးပါဘူး။

သူတို့ သုံးဦးစလုံးကို ပုဒ်မ ၅၀၅ (က)နဲ့ စစ်ကောင်စီက တရားစွဲဆိုထားပြီး နေပြည်တော် အချုပ်ထောင်မှာ ထားတာဖြစ်ပါတယ်။

ဦးသန့်ဇင်ထွန်းနဲ့ ဦးကျော်မင်းလှိုင်တို့ အမှုအတွက် နောက်ရုံးချိန်းကို ဧပြီလ ၈ ရက်နေ့ကို ချိန်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဦးမင်းသူဟာ နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ အစိုးရဝန်ထမ်းတွေကို CDM မှာ ပါဝင်လာဖို့ အဓိက ကြိုးကိုင်ဆောင်ရွက်ခဲ့မှုကြောင့် ပုဗ္ဗသီရိမြို့နယ် ပတ္တာနယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးအရေးယူထားကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ သူ့ထွက်ဆိုချက်အရ ဆက်စပ် ပါဝင်သူတွေဖြစ်တဲ့ ဦးကျော်မင်းလှိုင်၊ ဦးသန့်ဇင်ထွန်းတို့ကိုလည်း အမှုဖွင့် အရေးယူထားကြောင်း ကြေညာ ထားပါတယ်။

ပုဒ်မ ၅၀၅ (က)မှာ ပြည်ထောင်စုအစိုးရရဲ့ ကြည်း၊ ရေ၊ လေ တပ်မှ အရာရှိ သို့မဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကို သော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိရဲ့ တာဝန်ဝတ္တရားကို မလေးစားခြင်း သော် လည်းကောင်း၊ ပျက်ကွက်ခြင်း သော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ ပြုစေ တန်ရာသည့် အကြောင်းရှိလျှင် ထိုသူကို ထောင်ဒဏ် နှစ်နှစ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီးမှာဖော်ပြထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အဲဒီ ပုဒ်မ ၅၀၅ (က) ကို ထောင်ဒဏ် သုံးနှစ်အထိ ပြစ်ဒဏ် တိုးမြှင့်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။