ရန်ကုန်တိုင်း ဒဂုံမြို့သစ် မြောက်ပိုင်းက နာရေးကူညီရေး အသင်းရုံးချုပ်မှာ မနေ့ မနက် (၉) နာရီ ကနေ ညနေ (၅) နာရီအထိ ကျင်းပခဲ့တာပါ။ အခုလို အနုပညာသည်တွေ လာရောက်ပြီး အနုပညာနဲ့ ဂုဏ်ပြုတာဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဦးကျော်သူက RFA ကို ပြောပါတယ်။
အနုပညာရှင်တွေ ရေးဆွဲထုလုပ်ခဲ့တဲ့ ဦးကျော်သူရဲ့ ပုံတူ လက်ရာအများစုကို နာရေးကူညီမှုအသင်း ရုံးခန်းမှာ ချိတ်ဆွဲ ပြသထားမှာဖြစ်ပြီး တချို့ကိုတော့ တခြားရန်ကုန်မြို့က အနုပညာပြခန်းနဲ့ ပြပွဲတွေမှာ ပြသမှာ ဖြစ်တယ်လို့ သိရပါတယ်။
အနုပညာရှင်တွေဟာ လူမှုရေး ပရဟိတလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတဲ့ ဦးကျော်သူရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်ကို ထင်ဟပ်ပြီး ပုံဖော် ရေးဆွဲကြတာလို့ ပန်းချီဆရာတစ်ဦးက RFA ကို ပြောပါတယ်။
နာရေးကူညီမှုအသင်း အနေနဲ့ မျက်စိ ဝေဒနာရှင်တွေကို ဆေးဝါး အခမဲ့ ခွဲစိတ်ကုသရေး လုပ်ငန်းအပြင် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းကိုပါ တိုးချဲ့လုပ်ကိုင်သွားဖို့ စီစဉ်နေတယ်လို့ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။