ကျောက်တော် ဥပဒေအရာရှိ ခြိမ်းခြောက်ခံနေရ


2019.09.27
threaten-letter-622.jpg ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့ လမ်းမပေါ်နဲ့ အဆောက်အအုံများတွင် ကပ်ထားသည့် မြို့နယ်ဥပဒေအရာရှိကို ခြိမ်းခြောက်ထားသောစာတစ်စောင်။
Photo: Citizen Journalist

မြို့နယ်ဥပဒေအရာရှိကို ခြိမ်းခြောက်တဲ့စာတွေ မြို့အနှံ့လမ်းမပေါ်နဲ့ အဆောက်အအုံတွေမှာ ကပ်ထားတဲ့ဖြစ်ရပ်တစ်ခု ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့ပေါ်မှာ ယမန်နေ့က ဖြစ်ပွားခဲ့တယ်လို့ ကျောက်တော်မြို့ ဒေသခံတချို့က RFA ကို ဒီမနက်မှာ ပြောပါတယ်။

RFA ကတွေ့ရှိခဲ့တဲ့ စာတစ်စောင်မှာတော့ မြို့နယ်ဥပဒေအရာရှိဟာ ရခိုင်လူမျိုးတွေကို ပြည်ထဲရေးက ပုဒ်မမျိုးစုံတပ် တရားစွဲဆိုနေတာကို ငြင်းပယ်ခြင်းမပြုလုပ်ဘဲနဲ့ တရားစွဲဆိုနိုင်အောင် ထောက်ခံပေးတဲ့အတွက် ကျောက်တော်မြို့ကနေ တစ်ပတ်အတွင်း ထွက်သွားရမယ်၊ မထွက်သွားရင်တော့ သင့်ရဲ့ကံစီမံရာအတိုင်းလို့ ရေးသားထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် တရားစွဲဆိုမှုဖြစ်အောင် ကူညီနေကြတဲ့ ဥပဒေအရာရှိတွေကို ဒဏ်ခတ်တဲ့အနေနဲ့ ကျောက်တော်ပြည်သူတွေက ဈေးရောင်းချခြင်းမပြုတာနဲ့ မခေါ်မပြောဘဲ နေကြမယ်လို့လည်း ဖော်ပြပါရှိပါတယ်။

ကျောက်တော်မြို့နယ်မှာ လူမှုရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဒေသခံ ကိုကျော်လှမြင့်ကတော့ လူသွားလူလာများတဲ့လမ်းတွေမှာ အဲဒီစာတွေကပ်ထားတာကို မနေ့တုန်းကဖြစ်ပွားတာ မှန်ကန်တယ်လို့ ပြောပါတယ်။

“မနေ့က နံနက်မှာဖြစ်တာပေါ့။  အဲဒီအများပြည်သူ သွားလာတဲ့လမ်းတွေမှာ၊ နံရံတွေမှာ ကပ်ထားတာကို တွေ့ရပါတယ်။ သုံးလေး၊ ငါးနေရာတော့ ဖြစ်မယ်ထင်ပါတယ်။ ဒီလမ်းမ အလယ်မှာလည်း အဲဒီစာရွက်စာတမ်းတွေ ကျကျန်ခဲ့တာရှိတယ်”

ဒါပေမဲ့ ဒီစာတွေကို ဘယ်သူ ဘယ်ဝါ၊ ဘယ်အုပ်စုက ဖြန့်ဝေသလဲဆိုတာ မသိရသေးပါဘူး။

ရခိုင်အမျိုးသားပါတီရဲ့ ရခိုင်ပြည်နယ်လွှတ်တော် ကျောက်တော်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်သန်းစိန်က

“ကျနော်တို့က စစ်တွေမှာ လွှတ်တော်တက်နေတာဆိုတော့ တွေ့တော့မတွေ့လိုက်ပေမယ့် ကြားမိပါတယ်။ အဲဒီစာက လက်ထဲမှာလည်း မဟုတ်တော့ တိတိကျကျပြောဖို့ခက်ပါတယ်။ ပြောသံတော့ကြားပါတယ်”

ဒေသခံတွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီးတော့လည်း အခုလို ဆက်ပြောပါတယ်။

“ကျောက်တော်ရယ်လို့တော့ မဟုတ်တော့ပါဘူးဗျ။ ရခိုင်တစ်ပြည်လုံးမှာတော့ ရခိုင်ပြည်သူတွေက အစောကြီးကတည်းက လုံခြုံတယ်လို့တော့ မရှိပါဘူး။ မလုံခြုံဘူးဆိုတာက ဒီဝမ်းရေးအတွက် မလုံခြုံဘူး၊ ဥပမာ မိမိရဲ့ နေရေးထိုင်ရေးမလုံခြုံဘူး။ ကိစ္စအ၀၀ လုံခြုံမှုမရှိပါဘူး။ လုံခြုံမှုဆိုတဲ့အနေအထားမှာ ကိုယ့်မိသားစုတစ်ခုပဲ ထိခိုက်မယ့်အနေအထား မဟုတ်တော့ဘူး။ ရခိုင်တစ်မျိုးသားလုံးအတွက်တော့ အစောကြီးကတည်းက သိပ်ပြီးတော့ လုံခြုံမှုမရှိဘူး။ အာမံချက်တွေ မရှိဘူးဗျ”

ရခိုင်ပြည်နယ် ရဲမှူးကြီး ကြည်လင်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမယ့် ဖြေဆိုဖို့ငြင်းဆန်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တော်မြို့နယ် ရဲစခန်း၊ စခန်းမှူးရဲ့ လက်ကိုင်ဖုန်းကို RFA က ဆက်သွယ်ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

မြို့နယ်ဥပဒေအရာရှိဟာ ကျောက်တော်မှာ တာဝန်ထမ်းဆောင်နေတာ တစ်နှစ်ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ ခြိမ်းခြောက်ခံရတဲ့ မြို့နယ်ဥပဒေအရာရှိဟာ ဒီမနက်ကတည်းက ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို ထွက်ခွာသွားပြီဖြစ်တယ်လို့ အရပ်သားတွေ ပြောဆိုနေကြတယ်လို့ ကိုကျော်လှမြင့်က ပြောပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီးတော့ RFA က သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်မှာ လုပ်ကြံသတ်ဖြတ်မှုတွေ မဖြစ်ပွားမီ၊ ဖေ့စ်ဘွတ်လူမှုကွန်ရက်၊ ဒါမှမဟုတ် ခြိမ်းခြောက်စာတွေပေါ်ထွက်ပြီး မရှေးမနှောင်းပဲမှာပဲ သတ်ဖြတ်ခံရမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။ ဒါပေမဲ့ ဘယ်အုပ်စုက တာဝန်ရှိတယ်ဆိုတာ လက်ဆုပ်လက်ကိုင် မပြနိုင်ကြပါဘူး။

ပြီးခဲ့တဲ့ လအစောပိုင်းကလည်း ကျောက်တော်နယ် ကန်စောက်စခန်းတံတားအနီး ဈေးရောင်းနေတဲ့ ဈေးသည်လင်မယား နှစ်ဦး ဓားထိုးလုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီးတော့၊ တစ်လတည်းမှာပဲ ကျောက်တော်က နောက်ထပ် ရဲတပ်ကြပ်ကြီးတစ်ဦးနဲ့ ဘူးသီးတောင်က စစ်မှုထမ်းဟောင်းတစ်ဦး ဓားထိုးသတ်ခံရပါတယ်။

သြဂုတ်လအတွင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ဓားထိုးခံရလို့ သေဆုံးခဲ့သလို၊ အမ်းမြို့နယ်မှာ စစ်မှုထမ်းဟောင်းတစ်ယောက် သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံရလို့ သေဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ ကာလအတွင်း အခုလို လုပ်ကြံသတ်ဖြတ်ခံရသူ ဆယ်ဦးကျော်လာပြီဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုမိုးမြင့် ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။