ကျောက်တော်မှာ ဆင်းရဲသားတွေ ကို မြေနေရာပေးဖို့ ဒေသခံတွေ ဆန္ဒပြ
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဆင်းရဲနွမ်းပါးသူတွေကို အစိုးရ ကမြေနေရာတွေချပေးဖို့ ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
-
2016-10-06 -
-
-
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ ဆင်းရဲနွမ်းပါးသူတွေကို အစိုးရကမြေနေရာတွေချပေးဖို့ ဒေသခံ ၂ဝဝ လောက်က ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အိမ်ရာမြေကွက်တွေ ဈေးကြီးတာကြောင့် ကျူးကျော်တွေအဖြစ်နဲ့ နေထိုင်ကြရသူတွေကို အစိုးရက နေရာ ချထားပေးစေချင်တာလို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ကျောက်တော် ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဌ ဒေါ်လှမေ က ပြောပါတယ်။
ကျောက်တော်မြို့စွန်ရပ်ကွက်တွေမှာရှိတဲ့ မြေကွက်တွေကို စီးပွားရေးလုပ်ငန်းရှင်တွေက သိမ်းကြုံးဝယ်ယူပြီး အိမ်ရာမြေတစ်ကွက်ကို ငွေကျပ် သိန်း ၂ဝဝ လောက်အထိ ဈေးရှိနေတာကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက် ကစကာ ကျူးကျော်နေထိုင်သူတွေ များလာတာလို့ဆိုပါတယ်။
ဆန္ဒပြပွဲမှာ ပစ္စည်းမဲ့လူတန်းစားဘဝ မြှင့်တင်ပေးရေး၊ ဆင်းရဲသားတွေကို ပုတ်ခတ်စော်ကားတဲ့ မြို့မိမြို့ဖအဖွဲ့ကို အလိုမရှိ၊ မြို့မိမြို့ဖအဖွဲ့ကို လူထုဆန္ဒနဲ့အညီ တရားဝင်ရွေးချယ်ပေးရေး၊ ဆင်းရဲသူဆင်းရဲသားတွေရဲ့ဘဝကို အစိုးရက ကာကွယ်စောင့်ရှောက်ပေးရေး စတဲ့အချက်တွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ကျောက်တော်မြို့မှာရှိတဲ့ ပိုက်သည်ရပ်၊ ပြည်တောင်သာ၊ မြို့သစ်၊ ရှမ်းရွာ စတဲ့ရပ်ကွက်တွေမှာ စိုးရက လမ်း၊ လျှပ်စစ်မီးတွေဆောင်ရွက်ပေးရမယ့် ကိစ္စရပ်တွေမှာလည်း လျစ်လျူရှုခံနေရတယ်လို့ ဆန္ဒပြသူတွေက ပြော ပါတယ်။