ကျောက်တော် ဘုန်းကြီးကျောင်း လက်နက်ကြီးထိ၊ ငါးဦး ဒဏ်ရာရ
2019.10.01

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်စပ်နားမှာရှိတဲ့ မီးဝကျေးရွာကို မနေ့ည ၁ နာရီကျော်လောက်မှာ ဘုန်းကြီးကျောင်းပေါ်ကို လက်နက်ကြီးကျည်ကျပြီး ဆရာတော်နဲ့ ကိုရင်တစ်ပါး၊ ဆရာမ တစ်ယောက်၊ ကျောင်းသား နှစ်ယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ လူမှုကူညီရေး အသင်းက ပြောပါတယ်။
ဆရာတော်နဲ့ ကိုရင်မှာ ဒဏ်ရာပြင်းထန်တာကြောင့် ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို ပို့လိုက်တယ်လို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးညီပုက ပြောပါတယ်။
"ဆရာတော်ဘုရားကြီးက ထိခိုက်ဒဏ်ရာများပါတယ်။ အထဲမှာ သွေးတွေခဲနေတယ်။ ကျောက်တော်ဆေးရုံကို မနက်ပိုင်းက ခေါ်လာပြီးတော့ ကျောက်တော်ပြည်သူ့ဆေးရုံက အစွမ်းကုန်ကုသပြီးတော့ စစ်တွေကို ပို့ထားရ ပါတယ်။ ကိုရင်လေးကတော့ ဦးခေါင်းမှာထိသွားတယ်။ ဆရာတော်ဘုရားကတော့ ညာဘက်နို့အုံအောက်မှာ ထိသွားပါတယ်။ ဆရာတော်ကတော့ စိုးရိမ်ရပါတယ်။ အခုတော့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာ အားကောင်းနေပါပြီ"
လက်နက်ကြီး ထိမှန်ခဲ့တဲ့ မီးဝကျေးရွာဘုန်းကြီးကျောင်းဟာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဖွင့်လှစ်ထားပြီး ကျောင်းအိပ်၊ ကျောင်းနေဆရာမတွေနဲ့ ကျောင်းသားတွေ ရှိနေတာဖြစ်ပါတယ်။
အဲဒီကျောင်းမှာရှိနေတဲ့ အသက် ၁၉ နှစ်အရွယ် ဆရာမက ညာဘက်လက်ထိခိုက်ခဲ့ပြီး၊ ရှစ်တန်းကျောင်းသား တစ်ယောက်က ခါးကိုထိမှန်သွားတာဖြစ်သလို ကိုးတန်းကျောင်းသားတစ်ယောက်ကတော့ ခေါင်းထိမှန်တာကြောင့် ကျောက်တော်ဆေးရုံကို ပို့ထားတယ်လို့လည်း ပြောပါတယ်။
အိပ်မောကျနေချိန် နံနက် ၁ နာရီလောက်မှာ လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ ရွာထဲကိုကျလာပြီး အိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ညွန့်က RFA ကိုပြောပါတယ်။
"ဘုန်းကြီးကျောင်း၊ ရွာကိုလည်းပစ်တာ။ ရွာကိုလည်းကျတယ်။ အိမ်ခေါင်တွေက အကုန်လုံး စကာပေါက်တွေဖြစ် သွားတယ်။ အိမ်ထဲမှာထားတဲ့သေတ္တာတောင် စင်သွားတယ်။ ဘုန်းကြီးကျောင်းတော့ အကုန်လုံး မပျက်စီးပါဘူး။ နည်းနည်းပါးပါးလောက် ထိတာတော့ ရှိတယ်။ မှန်တွေဘာတွေ ကွဲတာရှိတယ်။"
တိုက်ပွဲဖြစ်တဲ့အနေအထားမျိုးမဟုတ်ဘဲ တပ်မတော်ဘက်က ရွာကိုပစ်မှတ်ထား တိုက်ခိုက်တာလို့ ဒေသခံတချို့က စွပ်စွဲပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ အဲဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။
"အဲဘက်ကို ကုလားတန်မြစ်ကြောင်း လုံခြုံမှုလုပ်ငန်းလုပ်တာရှိတယ်။ အုပ်ချုပ်မှုလုပ်နေတဲ့အဖွဲ့ကို အေအေကနေ မီး၀၀န်းကျင်ကနေပစ်တာ။ အရင်တခါတုန်းကလည်းပဲ အဲနားကနေပစ်တာ။ အခုလည်း အဲနားကနေပစ်တာ။ ပစ်တာ မိနစ် ၂၀ လောက်တော့ ကြာတယ်။ ရွာသားတွေ ထိခိုက်ဒဏ်ရာရ မရတော့ မသိဘူး။ အဲလိုတော့ မကြား မိဘူး။ တိုက်ပွဲဖြစ်တာတော့မှန်တယ်။ ဒီလိုအရပ်သားတွေ ထိခိုက်မှုမဖြစ်အောင် ပြောပြီးသားပဲ ကျေးရွာတွေနား မှာ တိုက်ကွက်မဖော်နဲ့။ ဘာလို့ ရွာတွေနားရောက်မှ ပစ်ရတာလဲ။ ရွာအထွက်တွေကို ပစ်ရတာလဲ။ ကျနော်တို့ကို ပစ်ရင်တော့ ကျနော်တို့က ပြန်ပစ်ရမှာပဲ။ ရွာထဲကနေပစ်လို့ ကျနော်တို့ ပြန်မပစ်ရင် ကျနော်တို့အဖွဲ့တွေ ထိခိုက် ဒဏ်ရာရမှာပေါ့။ သတ္တိရှိရင်တောထဲမှာလာချ။"
AA ကပစ်လို့ ပြန်ပစ်ပါတယ်ဆိုတဲ့ တပ်မတော်ရဲ့ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခကို ဆက်သွယ်ပေမယ့် မရပါဘူး။
စက်တင်ဘာ ၂၉ ရက်တုန်းကလည်း မီးဝကျေးရွာနားမှာ ရိက္ခာလာပို့တဲ့ တပ်မတော်ရေယာဉ်ကို AA က ပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေကျပြီး အသက် ၆၀ ကျော် ဦးသာထွန်း၊ အသက် ၂၂ နှစ်အရွယ် ကိုနိုင်လင်းစိုးတို့မှာ ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ထားရပါတယ်။
စက်တင်ဘာ ၁၅ ရက်ကလည်း ကျောက်တော်မြို့ သင်္ဂနက်ကျေးရွာ၊ စပါယ်လှကျေးရွာနဲ့ ကံသုံးဆင့်ကျေးရွာမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် အရပ်သား တစ်ယောက် သေဆုံးပြီး ခြောက်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
အရပ်သားတွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရတာတွေကြောင့် မီးဝကျေးရွာက ဒေသခံတွေဟာ ကျောက်တော်မြို့ပေါ်ကို တိမ်းရှောင်နေကြပြီလို့လည်း သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၈ ဒီဇင်ဘာလကနေ အခု ၂၀၁၉ စက်တင်ဘာလအထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် အရပ်သား ထိခိုက်သေဆုံးမှုဟာ လူ ၈၀ ကျော်အထိ ရှိနေသလို ထိခိုက်ဒဏ်ရာရသူတွေကတော့ ၁၂၀ ကျော်လောက် အထိရှိနေပြီလို့ ရခိုင်အရပ်ဖက်အဖွဲ့တချို့က ပြောဆိုထားပါတယ်။
တိုက်ပွဲဖြစ်ပွားရာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း အစရှိတဲ့ မြို့နယ် ရှစ်ခုနဲ့ ချင်းပြည် နယ် ပလက်ဝမြို့နယ်တွေမှာ မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုတွေကို အစိုးရက ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်လောက် ကနေစပြီး ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ နယ်မြေလုံခြုံရေးကိုအကြောင်းပြပြီး အစိုးရကပိတ်လိုက်တာပါ။
AA အဖွဲ့က စစ်ရေးလှုပ်ရှားမှုတွေမှာ အင်တာနက် အသုံးပြုပြီး အချင်းချင်းဆက်သွယ်ကြတာကို အစိုးရက ဟန့်တားလိုဟန်ရှိတယ်လို့ အများက ယူဆကြပါတယ်။
AA အဖွဲ့ကတော့ ဒီပိတ်ပင်မှုဟာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်ရဲ့လုပ်ရပ်တွေကို သတင်းအမှောင်ချဖို့နဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုတင်ပြုလုပ်ထားတာဖြစ်တယ်လို့ ဇွန်လကုန်ပိုင်းမှာ ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝနဲ့ ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေမှာ စက်တင်ဘာလဆန်းလောက်က အင်တာနက်လိုင်း ပြန်ရခဲ့ပေမယ့် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ ဒီနေ့အထိ အင်တာနက်မရသေးတာပါ။
ကုလသမဂ္ဂက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မနေ့က ကြေညာချက် ထုတ်ပြန်ရာမှာ လူသားချင်းစာနာရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာ အင်တာနက်ကို အားထားရတာဖြစ်တာကြောင့် အခုလို ပိတ်ထားတာဟာ ဒီလုပ်ငန်းတွေကို အဟန့်အတားများစွာဖြစ်စေတဲ့အတွက် အမြန်ဆုံးပြန်ဖွင့်ပေးဖို့ အစိုးရကို တိုက်တွန်းတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ဆရာတော်ဟာ ပြည်နယ်သံဃနာယက အတွင်းရေးမှူး(၁) ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘန္တဒဣန္ဒကဖြစ်ကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာ ပရဟိတအဖွဲ့က ဥက္ကဋ္ဌပြောပါတယ်။ အဲဆရာတော်ကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ ပြည်နယ်လုံနယ်ဝန်ကြီးတို့ စစ်တွေဆေးရုံမှာ ဒီနေ့သွားရောက်တွေ့ဆုံခဲ့ပါတယ်။
(RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့သည်။)