ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ထဲက နံဇရွာအုပ်စုကို အောက်တိုဘာ ၂၂ ရက် ဒီနေ့နေလယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ရွာခြောက်ရွာ က ဒေသခံနှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နံဇအုပ်စုထဲမှာရှိတဲ့ နံဇ၊ ဖိုးတ၊ တလိုင်းခင်၊ ခြောက်တဲစု၊ ချောင်းဝနဲ့ နတ်တလင်းရွာက ဒေသခံတွေအားလုံး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။
ဖိုးတရွာအနီးမှာ အင်အား ၁၂၀ ခန့်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ရွာတွေကို လေကြောင်းကနေ လာရောက်ပစ်ခတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“နေ့လယ် ၁၂ နာရီလောက်မှာ တလိုင်းခင်ကနေ ဖိုးတဘက်ကို တက်လာတဲ့ စစ်ကြောင်း မိုင်းဆွဲခံရတာ။ သိပ်မကြာဘူး ဖိုးတရွာအနီးတစ်ဝိုက်ကို Mi-35 နဲ့လာပစ်တာ။ လက်နက်ကြီးတွေနဲ့လည်း တစ်နေကုန် ပစ်နေတယ်”
လေကြောင်းတိုက်ခိုက်မှုကြောင့် ဖိုးတရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပြီး အခြား ပျက်စီးမှုအခြေအနေ အသေးစိတ်ကိုတော့ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
နံဇအုပ်စုထဲမှာ ရွာခြောက်ရွာရှိပြီး စုစုပေါင်းအိမ်ခြေ ခြောက်ရာကျော်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိပါဘူး။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက် ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ပဲခူးတိုင်း၊ အရှေ့ခြမ်းက ဒေသခံတစ်သိန်းနီးပါး (၉၈,၁၀၀ ဦး) နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။