ကျောက်ဖြူမှာ လွတ်လပ်စွာသွားလာခွင့်ပိတ်ပင်တဲ့ ဒေသန္တရအမိန့် စစ်ကောင်စီ သက်တမ်းတိုး

RFA Burmese
2024.02.22
ကျောက်ဖြူမှာ လွတ်လပ်စွာသွားလာခွင့်ပိတ်ပင်တဲ့ ဒေသန္တရအမိန့် စစ်ကောင်စီ သက်တမ်းတိုး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်း တစ်နေရာအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

Updated 6:00 PM, Feb 22,2024

တရုတ်စီမံကိန်းတွေ တည်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ လွတ်လပ်စွာ သွားလာခွင့်ပိတ်ပင်ထားတဲ့ ဒေသန္တရအမိန့်ကို စစ်ကောင်စီက နောက်ထပ်နှစ်လ သက်တမ်းထပ်တိုးလိုက်တယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်အထိ ထုတ်ပြန်ထားတဲ့ အမိန့်ကို လာမယ့် ဧပြီ ၁၉ ရက်ထိ စစ်ကောင်စီရဲ့ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနက နှစ်လ ထပ်တိုးလိုက်တာပါ။

ကျောက်ဖြူမြို့မှ ရေလုပ်သားတစ်ဦးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကျောက်ဖြူမြို့မှ ရေလုပ်သားတစ်ဦးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကျောက်ဖြူမြို့နယ်အတွင်း ၂၄ နာရီကာလပတ်လုံး ရေကြောင်းကနေ သွားလာခွင့်၊ ငါးဖမ်းခွင့်နဲ့ ပင်လယ်ကမ်းခြေတွေမှာ လူစုဝေးတာတွေ မလုပ်ဖို့ တားမြစ်ထားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူ မြို့နယ် လူမှုကူညီရေးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူက RFA ကို ပြောပါတယ်။

“ထပ်တိုးလိုက်တာ ဟုတ်ပါတယ်။ စာတော့ ထုတ်ထားတာရှိတယ်။ စာထဲမှာတော့ ဧပြီ ၁၉ ရက်အထိ နှစ်လ တိုးတယ်။ အရင်ထုတ်ထားတဲ့ အတိုင်းပါပဲ။ မြစ်ကမ်းတစ်လျှောက်မှာ စက်လှေတွေ၊ လက်ထိုးလှေတွေ မသွားဖို့၊ ကမ်းတစ်လျှောက်မှာ အရက်သေစာသောက်စား ရန်ဖြစ်တာတွေ အဲလိုမျိုးဟာတွေ မလုပ်ရဘူးလို့ ထုတ်ထားပါတယ်။ ရွာနဲ့ မြို့တွေတော့ အရင်ကတည်းက သွားလာခွင့်တွေ ပိတ်ထားတယ်။ အကုန်လုံးတော့ ဒုက္ခရောက်တာပေါ့”

စစ်ကောင်စီရဲ့ ဒေသန္တရအမိန့် ထုတ်ပြန်ချက်ဟာ ကျောက်ဖြူမြို့နဲ့ ထိစပ်နေတဲ့ ပင်လယ်မြစ်ကမ်းတစ်လျှောက်က လိပ်ခမော်ကျေးရွာအုပ်စု၊ ဂုံးချွိန်ကျေးရွာအုပ်စု၊ နတ်ကျောက်ကမ်းခြေ၊ ဆိတ်ကျွန်း၊ သာဿနာ ၂၅၀၀ ကမ်းခြေ၊ စေတီရပ်ကွက်၊ အစိုးရရပ်ကွက်၊ သန်ပန်ချောင်းရပ်ကွက်၊ မြစ်နားတန်း ရပ်ကွက်၊ ကုလားပိုက်ဆိပ်ရပ်ကွက်၊ ပြင်ဖြူမော်ရပ်ကွက်၊ ကညင်တောရပ်ကွက်၊ ငလပွေ့ရပ်ကွက်၊ အုန်းချောင်း/ ငလပွေ့ချောင်း၊ စိုင်ခြုံကျေးရွာအုပ်စု၊ အောင်စေတီရွာ၊ ကပ်သပြေကျေးရွာအုပ်စု၊ ကန္ဒီး ကျေးရွာအုပ်စု အပါအဝင် မြို့နဲ့ထိစပ်နေတဲ့ နေရာတွေ အပါအဝင် သံဇစ်မြစ်နဲ့ ကမ်းခြေကနေရာအားလုံး အကျုံးဝင်တယ်လို့ ဆိုပါတယ်။

ဒီအမိန့်ကို ဖောက်ဖျက်ကျူးလွန်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ့်အကြောင်း စစ်ကောင်စီရဲ့ အမိန့်စာမှာ ဖော်ပြထားတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်း တစ်နေရာအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်း တစ်နေရာအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီက ဒေသန္တရအမိန့်ကို ပထမသက်တမ်းတိုးခဲ့စဉ်က လော်စပီကာတွေနဲ့ လှည့်လည်ကြေညာတာတွေရှိခဲ့ပေမယ့် အခုတစ်ကြိမ် သက်တမ်းတိုးရာမှာတော့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မြို့ပေါ်မှာ စာတွေလိုက်ကပ်ပြီး အသိပေးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့က စစ်ကောင်စီရဲ့ တပ်စခန်းတွေကို ရက္ခိုင့်တပ်တော် (AA) က စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ကျောက်ဖြူမြို့နယ်မှာ အခုလို ဒေသခံတွေရဲ့ လွတ်လပ်စွာ သွားခွင့်ကို ကန့်သတ်လိုက်တာလို့လည်း ပြောကြပါတယ်။

စစ်ကောင်စီရဲ့ ဒီအမိန့်ကြောင့် ဒေသခံပြည်သူတွေမှာ စားဝတ်နေရေးနဲ့ ကျန်းမာရေးအခက်အခဲတွေ များစွာကြုံတွေ့ နေရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောပါတယ်။

“အဓိကတော့ အဲလို ပိတ်ထားတဲ့အတွက် စားရေးသောက်ရေး ဈေးကြီးတာတို့၊ စားသောက်ကုန်တွေ အလွယ်တကူမရတာတို့ အဓိက အခက်အခဲပေါ့။ မကျန်းမမာအတွက် နယ်ကလူတွေ ဆေးကုဖို့ အချိန်တွေကြန့်ကြာပြီး ဒုက္ခရောက်တယ်”

ဒီကိစ္စနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရပါဘူး။

ကျောက်ဖြူမြို့နယ် တရုတ်ဓာတ်ငွေ့တွန်းပို့စက်ရုံရှေ့တွင် ဒေသခံတစ်ဦးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ကျောက်ဖြူမြို့နယ် တရုတ်ဓာတ်ငွေ့တွန်းပို့စက်ရုံရှေ့တွင် ဒေသခံတစ်ဦးအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကျောက်ဖြူမြို့နယ်အတွင်းက ကျေးရွာတွေမှာတော့ ဒေသခံတွေဟာ ခရီးသွားလာမှုတွေအတွက် စစ်ကောင်စီရဲ့ ဒေသအာဏာပိုင်တွေထံ အချိန် ငါးရက်ခန့် ကြိုတင်ခွင့်ပြုချက် တောင်းခံပြီးမှ သွားလာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြို့နယ်အတွင်း ငရုတ်၊ ကြက်သွန် စတဲ့စားသောက်ကုန်တချို့ကလွဲလို့ အမျိုးသမီးလစဉ်သုံး အပါအဝင် ဆေးဝါးနဲ့ လျှပ်စစ်ပစ္စည်းတွေကို သယ်ယူခွင့်တွေကိုလည်း စစ်ကောင်စီက တင်းတင်းကျပ်ကျပ် ပိတ်ပင်တားမြစ်ထားတယ်လို့ ဆိုပါတယ်။

ကျောက်ဖြူမြို့နယ်မှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် ရေနက်ဆိပ်ကမ်းစီမံကိန်း ဧရိယာထဲမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ မကြာသေးခင်က တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။