ကျောက်ပန်းတောင်းက ပစ်ခတ်မှုမှာ ဒုရဲမှူး အပါအဝင် သုံးဦး သေဆုံး

RFA Burmese
2024.09.01
ကျောက်ပန်းတောင်းက ပစ်ခတ်မှုမှာ ဒုရဲမှူး အပါအဝင် သုံးဦး သေဆုံး ကျောက်ပန်းတောင်းမြို့နယ်တွင် သိမ်းဆည်းရမိသည့် လက်နက်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြင်းခြံခရိုင် တပ်ရင်း- ၂ မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့က ထုတ်ပြန်ခဲ့စဉ်။
ဓာတ်ပုံ - မြင်းခြံခရိုင် တပ်ရင်း- ၂

 မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ဩဂုတ်လ ၃၁ ရက်နေ့ ညနေပိုင်းက ကျောက်ပန်းတောင်း မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပစ်ခတ်တိုက်ခိုက်တာကြောင့် ဒုရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ကျောင်ပန်းတောင်း- မိတ္ထီလာကားလမ်း လက်ပံပျားရွာအနီးမှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျောက်ပန်းတောင်း မြို့မရဲစခန်းမှူးဖြစ်တဲ့ ဒုရဲမှူး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနဲ့ ရဲတပ်ကြပ် မြတ်သူတို့ သေဆုံးခဲ့ပြီး ကားပေါ်ပါလာတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းနှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဒီတိုက်ခိုက်မှုမှာ ပါဝင်တဲ့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ရှောင်တခင် လမ်းပိုင်းစစ်ဆေးရေး လုပ်တာပေါ့။ အဲဒီမှာ သူတို့လည်း လက်နက်ပါလာတော့ ဒီဘက်က တားစစ်တဲ့အခါ ပစ်မဲ့ဟန်ပြတော့ ဒီဘက်က လက်ဦးမှု ယူလိုက်တာပေါ့။ သူတို့ဘက်က သုံးယောက်သေတယ်။ ကားပေါ်ပါလာတဲ့ထဲက ဝန်ကြီးဌာနပိုင်းက နှစ်ဦးတော့ အရှင်ဖမ်းမိထားပါတယ်”

ဖမ်းမိထားသူနှစ်ဦးနဲ့ ပတ်သက်ပြီး စစ်ဆေးနေဆဲဖြစ်တာကြောင့် အသေးစိတ်အချက်အလက်ကို မသိရသေးဘူးလို့ သူက ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ မြင်းခြံခရိုင်အတွင်းမှာရှိတဲ့ PDF တပ်ရင်း တပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ပူးပေါင်းပါဝင်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ ရဲတပ်ဖွဲ့ဝင်တွေ ကိုင်ဆောင်တဲ့ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်ဟာ မြင်းခြံခရိုင်နဲ့ နယ်မြေချင်း ထိစပ်နေပြီး မြင်းခြံခရိုင် အထူးစစ်ဆင်ရေးရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် စစ်ဆင်ရေးဖော်ဆောင်နေတာလို့လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မြင်းခြံခရိုင်ထဲမှာတော့ မြင်းခြံ၊ တောင်သာ၊ နွာထိုးကြီး စတဲ့မြို့နယ်သုံးခုက စစ်ကောင်စီတပ်နဲ့ ပျူစောထီး တပ်စခန်းတွေကို ဩဂုတ်လ ၁၀ ရက်နေ့ကစပြီး ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေ ဆက်တိုက်ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။