TNLAနဲ့ RCSS တိုက် ပွဲကြောင့် ကျောက်မဲမှာ စစ်ဘေး ဒုက္ခသည်တိုးလာ
2017.05.21

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စုမှာ TNLAနဲ့ RCSS/SSA တို့အကြား ဒီနေ့ တိုက်ပွဲဖြစ်ပွားတဲ့အတွက် ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာကျော်ရှိပြီ လို့ ကျောက်မဲမြို့စစ်ဘေးရှောင် ကော်မတီက တာဝန်ရှိသူကပြောပါတယ်။
ဒီနေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်က ကွန်ကော်ကျေးရွာအုပ်စုထဲမှာပါတဲ့ တော့ဖယ်ရွာအနီးမှာ နှစ်ဖက်တိုက်ပွဲဖြစ် ပွားခဲ့တာကြောင့် ကျောက်မဲမြို့ပေါ် ကို ရှောင်တိမ်းလာတဲ့ အရေအတွက်က တိုးလာတယ်လို့ ကျောက်မဲမြို့ စစ်ဘေးရှောင်ကော်မတီက သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကျောက်မဲဒေသခံ ဦးတင်မောင်သိန်း ကပြောပါတယ်။
"ဒီနေ့ ၁၂ နာရီခွဲချိန်လောက်က ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စုထဲမှာ TNLAနဲ့ RCSS တို့တိုက်ပွဲဖြစ်တယ်၊ ဖြစ်ပွားတဲ့အချိန်က ၁၂ နာရီ ခွဲလောက်၊ ဖြစ်ပွားတာတော့ သိပ်မကြာလိုက်ဘူး၊ အဲတော့ ဒီနေ့လည်းပဲ ကျောက်မဲမြို့ကို နောက်ထပ်စစ်ဘေးရှောင် ခန့်မှန်းဦးရေ ၃၀ လောက် ဆင်းလာနေပြီ လို့ ကျနော်တို့ သတင်းရတယ်"
လက်နက်ကိုင် တပ်ဖွဲ့နှစ်ခုကြား စစ်ရေး တင်းမာနေတဲ့အတွက် ကွန်ကော်ကျေးရွာအုပ်စုထဲက ကွန်ကော်၊ အုံအွီး၊ တော့ဖယ် စတဲ့ရွာကဒေသခံတွေ ဟာ ကျောက်မဲမြို့ပေါ်ကို မနေ့ကစပြီး စစ်ဘေးတိမ်းရှောင်လာကြ တာဖြစ်ပြီး စစ်ဘေးရှောင်လာတဲ့ ဒေသခံ တစ်ရာကျော်ကို ကျောက်မဲမြို့အမှတ် ၈ ရပ်ကွက် ဓမ္မာရုံမှာနေရာ ချထားတယ်လို့သိရပါတယ်။
စစ်ဘေးရှောင်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အစားအသောက်အတွက် ကျောက်မဲမြို့ပေါ်က ပရဟိတ အဖွဲ့တွေ ပေါင်းပြီး တည်ထောင်ထားတဲ့ ကျောက်မဲ စစ်ဘေးရှောင်ကော်မတီက တာဝန်ယူ ဆောင်ရွက်ပေးနေ ပါတယ်။
စစ်ဘေးရှောင်ထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ကလေးတွေအများဆုံးပါဝင်တယ်လို့ သိရပါတယ်။