ကျောက်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း တစ်ဦးသေပြီး ၁၅ ဦးဒဏ်ရာရ

RFA Burmese
2024.02.27
ကျောက်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း တစ်ဦးသေပြီး ၁၅ ဦးဒဏ်ရာရ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံတစ်ခုအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်က ထုတ်ပြန်ထားစဥ်။
KNU

(KNU) တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပဲခူးတိုင်းအရှေ့ခြမ်း၊ ကျောက်ကြီးမြို့နယ်၊ ပလော်မော်ခို့ရွာ (ဒေသအခေါ် ကျွန်းတော) ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၅ ရက်မနက်ပိုင်း လေကြောင်းနဲ့ပစ်ခဲ့တာကြောင့် စစ်သုံ့ပန်းတစ်ဦး သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦး အပါအဝင် ၁၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသအခြေပြု တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ Mi - 35 တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်း၊ ဂျက်တိုက်လေယာဉ် လေးစင်းနဲ့ အဆက်မပြတ် ဗုံးကြဲ၊ ပစ်ခတ်ခဲ့တာလို့ အမည်မဖော်လိုတဲ့ ကျောက်ကြီးအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“သုံ့ပန်းတစ်ဦးသေ၊ ဆယ်ဦးဒဏ်ရာရ သတင်းမှန်ပါတယ်ဗျ။ မနက်ပိုင်းကို အားလုံး ငါးစင်းနဲ့ ဆက်တိုက် လာပစ်သွားတာ။ ဂျက်ဖိုက်တာရော၊ Mi - 35 တွေရော သုံးတယ်။ ဂျက်ဖိုက်တာကို အဓိက သုံးတာပေါ့။ Mi - 35 ကျတော့ ကြဲလည်းကြဲ၊ ပစ်လည်း ပစ်ပေါ့ ဒါမျိုး။ သူတို့ (စစ်ကောင်စီတပ်) က ပွင့်ပွင့်လင်းလင်းပြောရရင် ရှေ့တန်းမှာဖြစ်တဲ့ဟာကို ဦးစားပေးမကြဲဘဲနဲ့ နောက်ကကျေးရွာတို့ကို အထိုင်စခန်း ရှိနိုင်တဲ့နေရာတွေကို မှန်းပြီးတော့ ကြဲတာပေါ့။ အဲနေရာတွေကတော့ တိုက်ပွဲဖြစ်တာ လုံးဝ မရှိဘူး။ ဖြစ်တဲ့နေရာနဲ့ ဝေးတာကို။ အဲဒီလို ဗျူဟာမျိုးနဲ့ လုပ်လာတာ တွေ့လာရတယ်”

ဖေဖော်ဝါရီ ၂၅ ရက်မှာပဲ ဘုရားကြီးရွာအနီးကိုလည်း လေကြောင်းနဲ့ (၁၆) ကြိမ် ဗုံးကြဲခဲ့တာကြောင့် ဒဏ်ရာရသူ တချို့ရှိတဲ့အပြင် နေအိမ်တွေပါ ပျက်စီးမှုရှိပေမယ့် အရေအတွက် အတိအကျ မသိရသေးဘူးလို့ ကျောက်ကြီးဒေသခံတွေက ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်ကြီးမြို့နယ်ထဲက ရွာပေါင်း သုံးဆယ်ကျော်က ဒေသခံ လေးထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်ထဲမှာ ကရင်အမျိုးသား အစည်းအရုံး (KUN/KNLA)၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေတယ်လို့လည်း ကျောက်ကြီးဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

RFA ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။