ကျောက်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတချို့ ရှိ

စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ရစဥ်။
စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်အား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်နေ့က တွေ့ရစဥ်။ (KNU)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် ဘုရားကြီးရွာအနီးကို ဖေဖော်ဝါရီလ ၂၅ ရက်မနေ့က တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၁၆) ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူအချို့နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ကျောက်ကြီးဒေသခံတွေက ပြောပါတယ်။

မနေ့မနက်ပိုင်းကနေ ညနေ သုံးနာရီအထိ တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ (၁၆) ကြိမ်ပစ်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ကျောက်ကြီးမြို့နယ် ကရင် အရေးပေါ် ကူညီကယ်ဆယ်ရေး ကော်မတီ ပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။

“ဂျက်လေယာဉ်ငါးစင်းနဲ့ ဟယ်လီကော်ပရာတစ်စင်း စုစုပေါင်းခြောက်စင်းနဲ့ လာပစ်တာ။ ထိခိုက်မှုအခြေအနေတော့ အသေးစိတ် မသိသေးဘူး။ ဒဏ်ရာရတာ တော်တော်များများ ရှိတယ်လို့ပဲ သိထားပါသေးတယ်။ အဲဒီနေရာက အရင်ကတည်းက ပစ်ခတ်မှုတွေရှိနေတဲ့အတွက် နေရပ်စွန့်ခွာထားတဲ့သူတွေ ရှိတယ်။ လူအနည်းပဲ အဲဒီနေရာမှာ ရှိတော့တာ”

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောက်ကြီးမြို့နယ်ထဲက ရွာပေါင်း သုံးဆယ်ကျော်က ဒေသခံ လေးထောင်ကျော် နေရပ်စွန့်ခွာနေရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ကျောက်ကြီးမြို့နယ်ထဲမှာ ကရင်အမျိုးသား အစည်းအရုံး (KUN/KNLA)၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေတယ်လို့လည်း ကျောက်ကြီးဒေသခံတွေက ပြောပါတယ်။

KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျောက်ကြီးမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၄ ရက်အထိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံတွေရဲ့ နေအိမ် ၃၉ လုံးပျက်စီးခဲ့တယ်လို့ KNU က ဖေဖော်ဝါရီ ၂၅ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ခြေမြန်တပ်ရင်း ခမရ (၃၀၇) နဲ့ ပိန်းဇလုပ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၆၄) တို့က ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ KNU ကဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

RFA ရဲ့စာရင်းအရ စစ်အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။