ကြာအင်းဆိပ်ကြီးက စစ်ကောင်စီ တပ်စခန်းကို KNLA သိမ်းယူ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။ (Photo: KIC)

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီးက စစ်ကောင်စီတပ်ရဲ့ ဘုရားတောင်စခန်းကို ဒီနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က သိမ်းယူခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ခြေလျင်တပ်ရင်း ခလရ ၂၈၃ အခြေစိုက် ဘုရားတောင်စခန်းကို KNLA တပ်မဟာ ၆၊ တပ်ရင်း ၁၆၊ တပ်ခွဲ (၂) က သိမ်းယူခဲ့တာလို့ တပ်ခွဲ (၂) တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

"ဘုရားတောင်စခန်းပါ။ မနက်ကပဲလို့ ပြောရမယ်။ ၉ နာရီ ၁၅ မိနစ်လောက်က သိမ်းလိုက်တာပါ။ ကျနော်တို့လည်း (အသေးစိတ်ကို) အတိအကျတော့ မသိရသေးဘူး"

ဒီတိုက်ပွဲမှာ နှစ်ဖက် သေဆုံးထိခိုက်မှုအခြေအနေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးခဲ့တယ် လို့ သတင်းထွက်ပေါ်ပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးသလို KNU ဘက်က လည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဘုရားတောင်စခန်းဟာ ကြာအင်းဆိပ်ကြီးနဲ့ ဘုရားသုံးဆူသွားတဲ့ လမ်းမဘေး ကရင် အမျိုးသားအစည်းအရုံး (KNU) နဲ့ စစ်ကောင်စီတပ်ထိန်းချုပ်နယ်မြေကို ပိုင်းခြားထားတဲ့ တောင်ကုန်းပေါ်မှာရှိတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

KNU ဟာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထား ပေမယ့် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ပါဝင်တက်ရောက်ခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ ၁၉ လအတွင်း စစ်ကောင်စီတပ်နဲ့ KNU တပ်တွေအကြား တိုက်ပွဲကြီးနဲ့ တိုက်ပွဲငယ် စုစုပေါင်း ၆၃၅၉ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း အရပ်သား ၁၃၁ ဦး သေဆုံး ခဲ့ပြီး ၂၈၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ဗဟိုရဲ့ အချက်အလက်တွေမှာ ဖော်ပြထား ပါတယ်။