ကွတ်ခိုင်မြို့နယ်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့ ဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကနေ နမ့်ဖလွန်ရွာက နေအိမ်တစ်အိမ်အတွင်း မနေ့ညက လက်နက်ကြီးကျခဲ့လို့ အိမ်ထဲမှာရှိနေတဲ့ ဦးစောကြားရှီး ထိမှန်ခဲ့ပြီး လားရှိုးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှု ခံယူနေရပါတယ်။
ဒီကနေ့ မနက် သုံးနာရီကနေ ခြောက်နာရီအထိလည်း သိန္နီ-လားရှိုးလမ်းပိုင်း ရေပူစစ်ဆေးရေးဂိတ်မှာ တပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရေပူစစ်ဆေးရေးစခန်း တာဝန်ကျ ပြည်သူ့စစ် တစ်ဦး ကျဆုံးခဲ့ပါတယ်။
ကွတ်ခိုင်မြို့နယ် လွယ်ပယ်စုစည်းရွာမှာဆိုရင်လည်း မနေ့ည ရှစ်နာရီလောက်က လက်နက်ကြီးကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ အမျိုးသားတစ်ဦး မိုင်းစထိမှန် ဒဏ် ရာရခဲ့လို့ ကွတ်ခိုင်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပါတယ်။
ဒီကနေ့မနက်မှာတော့ လွယ်ပယ်ရွာက ရွာသားတစ်ရာကျော်ကို ပရဟိတအဖွဲ့တွေက ကွတ်ခိုင်မြို့ပေါ်က တောင်းတန်းသာသနာပြုကျောင်းမှာ နေရာချထားပေးထားပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော် စစ်အင်ဂျင်နီယာတက္ကသိုလ်နဲ့ နောင်ချို စစ်ဆေးဂိတ်အပါအဝင် နေရာ ငါးခုမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက် ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေကြောင့် ကွတ်ခိုင်နဲ့ လားရှိုးမြို့နယ်ထဲက ကျေးရွာအတော်များများက စစ်ဘေးဒုက္ခသည်တွေလည်း ထောင်နဲ့ချီရှိနေပြီဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုကံသာနဲ့ မခေမဏီဝင်း ပေးပို့သည်)