မြန်မာ့ ကတိကဝတ်တွေ လက်တွေ့ဖြစ်မလာကြောင်း အမေရိကန် ဝန်ကြီးဟောင်း ပြောဆို
2014.09.11

မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အထောက်အကူပြုနိုင်ဖို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ သံတမန်ရေး ထိတွေ့ဆက်ဆံမှု မူဝါဒကို လွန်ခဲ့ တဲ့နှစ်အနည်းငယ်က ချမှတ်ဆောင်ရွက်ခဲ့ပေမယ့် ကနေ့အထိ ကတိကဝတ်တွေဟာ လက်တွေ့ဖြစ်မလာ ဘဲရှိနေတယ်လို့ အာရှနဲ့ ပစိဖိတ် ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကတ်ကမ့် ဘဲလ် Kurt Campbell က ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့စီးပွားရေး အသွင် ကူးပြောင်းခြင်းအမည်နဲ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ STIMSON Center မှာ ကျင်းပ တဲ့ မြန်မာ့အရေးဆွေးနွေးပွဲမှာ မစ္စတာကမ့်ဘဲလ် က ပြောလိုက်တာပါ။
အများမျှော်လင့်ထားတဲ့ အသွင်ကူးပြောင်းရေးဖြစ်စဉ် ဟာ ဒီကနေ့အချိန်ကာလအထိ မြန်မာပြည်တွင်း နိုင်ငံရေး အခြေနေအရဖြစ်စေ၊ နိုင်ငံတကာဆက်ဆံရေးမှာ ပဲဖြစ်စေ၊ အများစုဟာ လက်တွေ့ဖြစ်မလာသေးဘဲရှိကြောင်း၊ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း သူကိုယ်တိုင် ပါဝင်ခဲ့ရတဲ့ ကနဦးဆောင်ရွက်ချက်တွေဟာ ထင်သလိုဖြစ်မလာခဲ့ဘဲ မအောင်မမြင်ဖြစ်ခဲ့ရကြောင်း မစ္စတာကမ့်ဘဲလ်က ပြောပါတယ်။
မြန်မာနိုင်ငံကို ကူညီဖို့အတွက် လိုအပ်တဲ့ ဖွံ့ဖြိုးရေး ရင်းနှီးမြုပ်နှံမှုတွေရှိလာဖို့ မူပိုင်ခွင့်ထိန်းသိမ်းရေး၊ စွမ်းအင် ဖူလုံရေး၊ အလုပ်သမားအခွင့်အရေးစတဲ့ ပြောင်းလဲရေးကိစ္စတွေမှာ အောင်မြင်ပြီးပြတ်အောင် မဆောင်ရွက်နိုင်သေးသလို၊ အပြောင်းလဲဆောင်ရွက်ချက်တွေဟာ သမ္မတရုံးနဲ့ သမ္မတအကြံပေးအဖွဲ့ အသိုင်းအဝိုင်းမှာပဲရှိပြီး အစိုးရတစ်ရပ်လုံးပါဝင်လာအောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းလည်း သူက ဝေဖန်ထောက်ပြပါတယ်။
မနေ့ကဆွေးနွေးပွဲကို မစ္စတာကမ့်ဘဲလ်နဲ့အတူ STIMSON Center က အရှေ့အာရှရေးရာ သုတေသီ Yun Sun လည်းတက်ရောက်ပြီး မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးနဲ့ တရုတ်နိုင်ငံရဲ့ သဘောထားတွေကို ဆွေးနွေးခဲ့ ပါတယ်။
ဒီအကြောင်း အသေးစိတ်ကို ကိုကျော်မင်းထွန်းက စုစည်းတင်ပြထားတာနားဆင်နိုင်ပါတယ်။