တောင်ကိုရီးယားမှာ စစ်ကောင်စီကို ၃၈ ကြိမ်မြောက်ဆန္ဒပြ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြမှုကို တောင်ကိုးရီးယား နိုင်ငံရောက် ဒယ်ဂူးဆရာတော် ဦးဝိသုတ ဦးဆောင်ပြီး၊ မြန်မာတွေနဲ့ ကိုရီးယားလူမျိုးတွေက တောင်ကိုရီးယားနိုင်ငံ အူဆန်မြို့မှာ အောက်တိုဘာလ ၃၁ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို စစ်တပ်အာဏာသိမ်းပြီး တတိယပတ်ကတည်းက အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြုလုပ်နေပြီး အခုဆိုရင် ၃၈ ကြိမ်ရှိပြီလို့ ဆရာတော်က မိန့်ပါတယ်။
“အပတ်စဉ် ၁၁ နာရီကစတယ်။ လမ်းလျှောက် ဆန္ဒပြတယ်။ သံပုံးတီးတယ်။ ဆိုင်းဘုတ်ပြတယ်။ တစ်နာရီခွဲပေါ့။ ကြွေးကြော်တာကတော့ အနေအထားအပေါ်မူတည်ပြီး တချို့ပြောင်းတယ်။ များသော အားဖြင့် ကိုရီးယားတွေက အားလုံးသိတဲ့အတိုင်း ကိုရီးယားနိုင်ငံ သမ္မတကအစ မြန်မာလူထုဘက်က ရပ်တည်တယ်ဆိုတော့ ဘုန်းဘုန်းတို့ ဒီမှာဆိုရင် မြန်မာပြည်သူကို ကူညီပါ။ မြန်မာ့နိုင်ငံရေးကို ကူညီ ပါပေါ့။ ဒီစစ်အာဏာသိမ်းမှုကို အလိုမရှိ။ ဆန္ဒပြတဲ့ အချိန်များလာတော့ အရေးတော်ပုံ အောင်ရမည် အစရှိသဖြင့် သူတို့ကိုယ်တိုင် ပြောတတ်ဆိုတတ်နေပြီ”
အူဆန်မြို့ရဲ့ အချက်အချာကျတဲ့ ဘတ်စ်ကားဂိတ်တို့၊ ဟိုင်းဝေးကားဂိတ်တို့ကနေ အသွားအပြန် ချီတက်လမ်း လျှောက်ပြီး “စစ်အာဏာသိမ်းမှု အလိုမရှိ” ”အရေးတော်ပုံ အောင်ရမည်” “ မြန်မာနိုင်ငံရေးကို ကူညီပါ” စတဲ့ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးရတဲ့အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့လည်း မိန့်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ် ဦးရန်နိုင်ထွန်းကလည်း တောင် ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့လတွေက ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် လူစုလူဝေးနဲ့ ဆန္ဒပြသခွင့်တွေ မရခဲ့ပေမယ့် ရှေ့လတွေမှာတော့ ဆန္ဒပြမှုတွေ လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။
“အဓိကတော့ ကိုရီးယားနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ကိုရီးယား ပြည်သူတွေနဲ့ ကိုရီးယားအစိုးရကို တင်ပြတဲ့ ကိစ္စရပ်တွေကို လုပ်နေတာဖြစ်ပါတယ်။ နောက် တစ်ခုက မြန်မာနိုင်ငံ အတွင်းမှာ စီးပွားရေးတွေ မပြုလုပ်ဖို့၊ လက်ရှိ အခြေအနေက နိုင်ငံအတွင်းမှာ စစ်တပ်ကနေ တိုင်းပြည်ရဲ့ အချုပ်အချာအာဏာကို မတရားသိမ်းထားတဲ့အတွက်ကြောင့် စီးပွားရေးကို ထိပ်တိုက်ရင်ဆိုင်ရဖို့ ရှိပါတယ်။ ဆန္ဒမပြနိုင်ရင်တောင်မှ အွန်လိုင်းကနေ တတ်နိုင်တဲ့ဘက်ကနေ တောင်းဆိုနေကြပါတယ်။ ထောက်ပံ့ရေးကိစ္စတွေကိုလည်း စဉ်ဆက်မပျက်လုပ်နေပါတယ်” လို့ ဆိုပါတယ်။
ကိုးရီးးယားအစိုးရအနေနဲ့ မြန်မာ့ဒီမိုကရေစီလမ်းကြောင်း ပြန်ရရှိရေးအတွက် NUG အစိုးရနဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ တရားဝင် ကြေညာထားသလို၊ မြန်မာနိုင်ငံအတွင်း စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားဖို့၊ မြန်မာနိုင်ငံနဲ့ စစ်ရေးဆက်သွယ်ရေးဆိုင်ရာ လုံးဝမပြုလုပ်ကြဖို့နဲ့ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကိုလည်း မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရှိတဲ့အချိန်ထိ ကိုးရီယားနိုင်ငံမှာ နေထိုင်ခွင့်ဗီဇာတွေ တိုးပေးနေတယ်လို့ ဦးရန်နိုင်ထွန်းက ပြောပါတယ်။