ကိုးရီးယား အထည်ချုပ်စက်ရုံ ဆန္ဒပြပွဲ ကျေအေးပြီးဆုံး

ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် အမှတ် (၄) မှာရှိတဲ့ ကိုးရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ်စက်ရုံက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ်သမား ၁၀၀၀ ကျော်ရဲ့ တောင်းဆိုပွဲဟာ အဓိကတောင်းဆိုချက် ဖြစ်တဲ့ အခြေခံလစာကို အလုပ်ရှင်ဘက်က မတိုးပေးပေမယ့် တခြားတောင်းဆိုချက်နဲ့ အခွင့်အရေးတွေ အားလုံးနီးပါး ဖြည့်ဆည်း ပေးလိုက်တဲ့အတွက် အလုပ်သမားတွေဘက်ကသဘောတူ ကျေအေးပေးလိုက်တာကြောင့် ဆန္ဒပြပွဲကို အဆုံးသတ်လိုက်ပြီလို့ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက RFA ကို ပြောပါတယ်။

၂၀၁၂ ခုနှစ် စက်တင်ဘာလ ၇ ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန် (၄) ရှိ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံ အလုပ်သမား တစ်ထောင်ကျော် လုပ်ခလစာ တိုးမြှင့်ရေးအတွက် ဆန္ဒပြနေကြစဉ်။ RFA

အလုပ်သမားတွေရဲ့ တောင်းဆိုချက် (၁၂) ချက်ထဲမှာ လုပ်ခလစာ တိုးမြှင့်ပေးဖို့၊ လုပ်ငန်းခွင် ကျွမ်းကျင်ကြေးပေးဖို့၊ အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံခြင်း မပြုဖို့၊ စက်ရုံတွင်း အခြေခံအလုပ်သမား အဖွဲ့အစည်း ဖွဲ့စည်းခွင့်ပေးဖို့၊ ဆန္ဒပြ အလုပ်သမားတွေကို အလုပ်မဖြုတ်ဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြပြီး အဲဒီ အချက်အားလုံး နီးပါးကို အလုပ်ရှင်ဘက်က သဘောတူညီလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ မနေ့ မနက်ပိုင်းက အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org