ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်း လုပ်ကြံခံရမှု လေးနှစ်ပြည့် ဆုတောင်းပွဲ ကျင်းပ

NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ လေးနှစ်မြောက်အခမ်းအနားအဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ဒီနေ့မှာ ရန်ကုန်မြို့မှာ ဆုတောင်းပွဲ တွေပြုလုပ်ခဲ့ပါတယ်။

ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်း လုပ်ကြံခံရမှု လေးနှစ်ပြည့် ဆုတောင်းပွဲကို ၂၀၂၁၊ ဇန်နဝါရီ ၂၉ ရက်နေ့က ရေဝေးသုသာန်မှာ ကျင်းပစဉ် Photo: U Tun Kyi

NLD ပါတီရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့ လုပ်ကြံ သတ်ဖြတ်ခံရတဲ့ လေးနှစ်မြောက်အခမ်းအနားအဖြစ် ဇန်နဝါရီလ ၂၉ ရက်နေ့ ဒီနေ့မှာ ရန်ကုန်မြို့မှာ ဆုတောင်းပွဲ တွေပြုလုပ်ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်း ရေဝေးသုသာန်မှာ ငြိမ်းချမ်းမှုတည်ဆောက်ရေးကွန်ရက်က ဦးဆောင်ပြီး ဦးကိုနီနဲ့ ကိုနေဝင်း အတွက် ဘာသာရေးထုံးတမ်းအစဥ်အလာတွေနဲ့အညီ ဆုတောင်းမေတ္တာပို့သတာတွေ ပြုလုပ်ခဲ့တယ်လို့ ဆုတောင်းရာမှာပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည် ကပြောပါတယ်။

မရမ်းကုန်းမြို့နယ် ခဝဲခြံက ဘုန်းတော်ကြီးကျောင်းမှာလည်း ကိုနေဝင်းအတွက် ရည်စူးပြီး မိသားစုက ဆွမ်းကပ် လှူဒါန်းခဲ့ပါတယ်။

ဦးကိုနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ လူမြင်ကွင်းမှာပဲ အနီးကပ်သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်ပြီး၊ အငှားယာဉ်မောင်း ကိုနေဝင်းကတော့ လုပ်ကြံသူကို ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားရင်း သေနတ်ပစ်ခံခဲ့ရလို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံတဲ့ တရားခံ သေနတ်သမား ကြည်လင်းနဲ့ အောင်ဝင်းဇော်ကို မသေမချင်း ကြိုးကွင်း စွပ်သတ်ဖို့၊ ဇေယျာဖြိုးကို ထောင် ငါးနှစ်နဲ့ အောင်ဝင်းထွန်းကို ထောင်ဒဏ် သုံးနှစ်ကျခံဖို့ တရားရုံးက အမိန့်ချခဲ့ပါတယ်။ အမှုမှာ ပါဝင်ပတ်သက်တဲ့ တရားခံပြေး အောင်ဝင်းခိုင်ကတော့ နေပြည်တော်က ပရဆေး ဥယျာဉ်နားမှာ ပျောက်ဆုံးသွားခဲ့ပြီး ဒီနေ့အချိန်အထိ လွတ်မြောက်နေဆဲပါ။

ဦးကိုနီနဲ့ကိုနေဝင်းကို လုပ်ကြံသတ်ဖြတ်တဲ့သူတွေကို ပြစ်ဒဏ်ချမှတ်တာဟာ လုံလောက်မှုမရှိဘူးဆိုပြီး နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့ ပြည်တွင်းအဖွဲ့တွေက ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

သေဆုံးသူတွေဘက်ကနေ အမှုကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဌေးနဲ့ ဦးရောဘတ်စန်းအောင်တို့က ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့ရဲ့ ပြစ်ဒဏ်တွေကို တိုးမြှင့်ပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ လျှောက်ထားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလက ပယ်ချခံခဲ့ရပါတယ်။

ဦးကိုနီဟာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တက်ကြွစွာ ဟောပြောခဲ့သူဖြစ်ပြီး မကွယ်လွန်ခင်အချိန်မှာ ခြိမ်းခြောက် ပြောဆိုမှုတွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရသူဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org