ဦးကိုနီ အမှုမှာပါသူ အာမခံရ
2018.02.22

တရားလွှတ်တော် ရှေ့နေ ဦးကိုနီနဲ့ အငှားယာဉ်မောင်း ဦးနေဝင်းတို့ အသတ်ခံရတဲ့ အမှုမှာ တရားစွဲဆိုခံထားရတဲ့ တရားခံ လေးဦးထဲ အောင်ဝင်းထွန်း ဆိုသူကို ဒီကနေ့ အင်းစိန်မြောက်ပိုင်း ခရိုင်တရားရုံးက အာမခံပေးလိုက် ပါတယ်။
အောင်ဝင်းထွန်းကို စွဲချက်တင်ထားတဲ့ပုဒ်မဟာ အာမခံပေးလို့ရတဲ့ ပုဒ်မဖြစ်တဲ့အတွက် တရားရုံးက အာမခံပေးလိုက် တာဖြစ်တယ်လို့ တရားလိုဘက်က ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးနေလ က ပြောပါတယ်။
"အောင်ဝင်းထွန်း ကို စွဲချက်တင်တဲ့ပုဒ်မ ၂၁၂ က အာမခံပေးနိုင်တဲ့ပုဒ်မပေါ့၊ သူ့ကို ဒါနဲ့စွဲချက်တင်ထားတယ်၊ တရားရုံးက အာမခံပေးလိုက်ပါတယ်"
ဦးကိုနီနဲ့ ဦးနေဝင်းတို့ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ အောင်ဝင်းထွန်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ ကြည်လင်းတို့ ၄ ဦးကို ပြီးခဲ့တဲ့ ရုံးချိန်းမှာ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအထဲက အောင်ဝင်းဇော်၊ ဇေယျာဖြိုးနဲ့ ကြည်လင်းတို့ သုံးယောက်ကို သေဒဏ်ထိကျခံရနိုင်တဲ့ ပုဒ်မတွေနဲ့ စွဲချက်တင်ထားတာဖြစ်ပြီး အောင်ဝင်းထွန်းကိုတော့ ပြစ်မှုကျူးလွန်သူကို လွတ်မြောက်အောင် ကူညီတဲ့အမှု ပုဒ်မ ၂၁၂ အရ စွဲချက်တင်ခံရတာဖြစ်ပါတယ်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလက ရန်ကုန်လေဆိပ်မှာ သေနတ်ပစ်ခတ်ပြီး လုပ်ကြံခံလိုက်တာဖြစ်ပါတယ်။
ဒီအမှုရဲ့ အဓိကတရားခံလို့ သတင်းထွက်ပေါ်နေတဲ့ အောင်ဝင်းခိုင် ဆိုသူကတော့ အခုချိန်ထိ လွတ်မြောက်နေ တာဖြစ်ပြီး ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက အောင်ဝင်းခိုင်ကို တရားခံပြေးအဖြစ် အင်းစိန် တရားရုံးက အမိန့်ချလိုက်ပါတယ်။
အဲဒီအမှုကို မနက်ဖြန်မှာ ဆက်လက် စစ်ဆေးဖို့ ရုံးချိန်းထပ်မံချိန်းဆိုလိုက်ပါတယ်။