ဦးကိုနီအမှု ၉၅ ရာခိုင်နှုန်း စစ်ဆေးပြီးလို့ မကြာမီ အမိန့်ချနိုင်ဖို့ မျှော်လင့်
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှု စစ်ဆေးနေတာ ၂ နှစ်ပြည့်တော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ ၉၅ ရာခိုင်နှုန်း စစ်ဆေးပြီးပြီး ဖြစ်တယ်လို့ ဦးကိုနီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဦးမင်းမင်းဇော် က ဒီနေ့ ပြောပါတယ်။
-
2019-01-17 -
-
-
ရှေ့နေ ဦးကိုနီ လုပ်ကြံခံရတဲ့အမှု စစ်ဆေးနေတာ ၂ နှစ်ပြည့်တော့မှာဖြစ်ပြီး လက်ရှိအချိန်ထိ ၉၅ ရာခိုင်နှုန်း စစ်ဆေးပြီးပြီဖြစ်တယ်လို့ ဦးကိုနီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးမင်းမင်းဇော် က ဒီနေ့ ပြောပါတယ်။
တရားခံပြသက်သေတစ်ဦးဖြစ်သူ ဇေယျာဖြိုးရဲ့ ဇနီးဖြစ်သူ ဒေါ်သီတာလွင်ကို ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန် တရားရုံးမှာ ဒီကနေ့ အပြီးသတ်စစ်ဆေးခဲ့ပြီးနောက် တရားခံပြသက်သေနှစ်ဦးသာ စစ်ဆေးဖို့ ကျန်ရှိတော့တယ်လို့ သိရပါတယ်။
ဒေါ်သီတာလွင်က ဇေယျာဖြိုးအနေနဲ့ ဝရမ်းပြေး အောင်ဝင်းခိုင်ကို ငွေကျပ် သိန်းတစ်ထောင် ပေးခဲ့တာ မရှိဘူးလို့ ဒီကနေ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။
ဦးကိုနီကို လုပ်ကြံမှုနဲ့ ပတ်သက်ပြီး ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုး တို့ကို အင်းစိန်မြောက်ပိုင်းခရိုင် တရားရုံးမှာ စစ်ဆေးနေတာဖြစ်ပါတယ်။
ဒီကနေ့ရုံးချိန်းမှာ အမှုအခြေအနေနဲ့ ပတ်သက်ပြီး တရားခံဇေယျာဖြိုးရဲ့ရှေ့နေကို မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိပါဘူး။
ရှေ့နေ ဦးကိုနီဟာ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ အနီးကပ် လုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ အဲဒီအမှုကို စစ်ဆေးနေတာ အခုဆိုရင် နှစ်နှစ်နီးပါး အချိန်ကြာမြင့်နေပြီဖြစ် ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့တာပါ။