ဦးကိုနီလုပ်ကြံမှု NLD ရဲ့နိုင်ငံရေးလမ်းကြောင်း ပျက်ပြားအောင် လုပ်တာလို့ မုံရွာအောင်ရှင်ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံတာဟာ နိုင်ငံရေးလုပ်ကြံမှုဖြစ်ပြီး NLD ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ပျက်ပြားအောင် လုပ်ဆောင်တာဖြစ်ကြောင်း NLD ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင် က ပြောလိုက်ပါတယ်။
-
2019-01-29 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံတာဟာ နိုင်ငံရေး လုပ်ကြံမှုဖြစ်ပြီး NLD ရဲ့ နိုင်ငံရေးလမ်းကြောင်းကို ပျက်ပြားအောင်လုပ်ဆောင်တာဖြစ်ကြောင်း NLD ပြန်ကြားရေး အဖွဲ့ဝင် မုံရွာအောင်ရှင် က ပြောလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ ယာဉ်မောင်း ကိုနေဝင်း ကွယ်လွန်တဲ့ ၂နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားမှာ မုံရွာအောင်ရှင်က အခုလိုပြောခဲ့တာပါ။
ဦးကိုနီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ပြီး ပြင်ဆင်နိုင်ရေးအတွက် တစိုက်မတ်မတ် လုပ်ဆောင်နေတာကြောင့် အကြမ်းဖက်လုပ်ကြံခံရတာလို့လည်း ထည့်သွင်းပြောခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ သေနတ်သမား ကြည်လင်းရဲ့ အနီးကပ်လုပ်ကြံခံခဲ့ရတဲ့ ဦးကိုနီ အမှုကို ၂နှစ်နီးပါးကြာ ရုံးချိန်းပေါင်း ၁၀၀ ကျော် စစ်ဆေးခဲ့ပေမယ့် စီရင်ချက် မချမှတ်နိုင်သေးတာဟာ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး ယိုယွင်းနေတာ ပြသနေတာဖြစ်တယ်လို့လည်း သုံးသပ်ပြောကြားခဲ့ပါတယ်။
ဦးကိုနီ လျှောက်လမ်းခဲ့တဲ့ တရားဥပဒေစိုးမိုးရေး၊ လူသားဂုဏ်သိက္ခာရရှိရေး၊ ဒီမိုကရေစီရရှိရေးကို NLD ပါတီက ဆက်လက်လျှောက်လှမ်းသွားမှာဖြစ်တယ်လို့လည်း ကတိပေးပြောခဲ့ပါတယ်။
ဒီနေ့အခမ်းအနားကို ဦးကိုနီ နဲ့ ကိုနေဝင်းတို့ရဲ့ မိသားစုဝင်တွေ၊ နိုင်ငံရေးသမားတွေ၊ နိုင်ငံတကာသံတမန်တွေ တက်ရောက်ခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးကိုနီနဲ့ ကိုနေဝင်းအတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့တာပါ။