ကျောင်းသားတွေ ကိုယ်ပိုင်ဉာဏ် အသုံးချခွင့်မရဘူးလို့ ကိုမင်းကိုနိုင် ပြော


2013.05.28
88-us-305.jpg အင်ဒီယားနားပြည်နယ်၊ ဖို့ဝိန်းမြို့၊ ဇေတဝန် ဘုန်းတော်ကြီးကျောင်းတိုက်မှာ မေလ ၂၇ ရက်နေ့က ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ မြန်မာမိသားစုများနဲ့ တွေ့ဆုံခဲ့စဉ်
photo: RFA/ Khin Maung Soe

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က မြန်မာနိုင်ငံကကျောင်းသားတွေဟာ သူတု့ိရဲ့ကိုယ်ပိုင် အတွေးအခေါ်ဆင်ခြင်ဉာဏ်ကို အသုံးချခွင့်မရကြဘူးလို့ မနေ့က ပြောဆိုလိုက်ပါတယ်။

မေလ ၂၇ ရက်နေ့က အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကို ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ ရောက်ရှိသွားပြီး ဇေတဝန် ဘုန်းတော်ကြီးကျောင်းတိုက်မှာ ဟောပြောပွဲ မစခင် ဒေသခံမြန်မာကျောင်းသားလူငယ် ၅ဝ ခန့်ကို ဓမ္မာရုံအတွင်း သီးခြားတွေ့ဆုံပြီး အပြန်အလှန်ပြောဆို ဆွေးနွေးခဲ့ကြရာ မှာ ကိုမင်းကိုနိုင်က အဲဒီလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် မင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ မြန်မာလူထုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ မိုးရွာနေတဲ့ကြားကပဲ မြောက်ကယ်ရိုလိုင်းနား၊ တက္ကဆက်၊ မစ်ဇူရီ၊ ကော်လိုရာဒို၊ မီရှီဂန်၊ ယူတား၊ နယူးယောက်နဲ့ အင်ဒီယားနားပြည်နယ်တွေကသာမက ကနေဒါနိုင်ငံက တကူးတက လာရောက်သူတွေအပါအဝင် မြန်မာလူမျိုး ၄ဝဝ ကျော်ခန့် တက်ရောက်ခဲ့ပြီး ရဟန်းသံဃာ ၈ ပါးလည်း ပါဝင်ပါတယ်။

အခမ်းအနားအပြီးမှာ ကိုကိုကြီးက အခုလို မြန်မာနိုင်ငံသား အမြောက်အများနဲ့ တစုတဝေးဆုံတွေ့ရတဲ့အတွက် ဝမ်းမြောက်မိပြီး၊ မြန်မာနိုင်ငံရဲ့အနာဂတ်အတွက် အင်အားတစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

"ဖို့ဝိန်းရောက်လာတာ ဗမာပြည် ပြန်ရောက်သလိုပါပဲ၊ ဘာကြောင့်ဆိုတော့ အကုန်လုံးထုနဲ့ထည်နဲ့ မြန်မာမိသားစုတွေ ပြောရရင်တော့ ကလေးတွေပါပေါ့နော်၊ ဒီလိုဆုံရတဲ့အတွက် ကျနော်တို့အတွက်လည်း တော်တော့်ကိုနွေးနွေးထွေးထွေးဖြစ်ပါတယ်၊ နောက်ဒီဟာတွေက ကျနော်တို့နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေပဲလေ၊ နိုင်ငံမှာငြိမ်းငြိမ်းချမ်းချမ်းနဲ့ တကယ်လို့ ပေါင်းစည်းနိုင်မယ့် အခြေအနေမျိုးရောက်မယ်ဆိုရင် ဒီအင်အားစုတွေအားလုံးက ကျနော်တို့နိုင်ငံအတွက် အများကြီးအထောက်အကူပြုမှာပါ၊ အခုဟာက ကျနော်တို့က စိတ်ထဲမကောင်းတာက ဥပမာ ကျနော်ထိုင်းရောက်တယ်၊ ထိုင်းမှာလည်း ဗမာတွေချည်းပဲ၊ ၄ သန်းလောက်ရှိတယ်လို့သိရတယ်၊ မလေးရှားမှာရှိတယ်၊ စင်္ကာပူမှာရှိတယ်၊ အဲဒါတွေအားလုံးက နိုင်ငံမှာသာ ကျနော်တို့ စီးပွားရေး၊ အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ကောင်းလာမယ်ဆိုရင် နိုင်ငံရေးကလည်း ငြိမ်းချမ်းလာမယ်ဆိုရင် ဒါတွေအားလုံးဟာ နိုင်ငံတည်ဆောက်ရေးအတွက် အကုန်လုံးက အင်အားတွေဖြစ်လာလိမ့်မယ်လို့ ကျနော်တို့ထင်ပါတယ်"

အခမ်းအနားမှာ အမေရိကန်ပြည်ထောင်စုကို ပြန်လည်နေရာချထားရေး အစီအစဉ်နဲ့ ရောက်ရှိနေထိုင်တဲ့ ဂျွန်ကျော်ကြီးဆိုသူက သူအလုပ်လုပ်ပြီးစုဆောင်းထားတဲ့ ဒေါ်လာတစ်သောင်းကို နိုင်ငံရေးအကျဉ်းသားတွေ ကူညီဖု့ိအတွက် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတု့ိကို လှူဒါန်းခဲ့ပါတယ်။

ကိုမင်းကိုနိုင်တု့ိ ၂ ဦးဟာ ဒီကနေ့ ၂၈ ရက်နေ့မှာ မွန်တိုင်းရင်းသားတွေအပါအဝင် မြန်မာမိသားစုတချို့ကို ထပ်မံတွေ့ဆုံပြီး ၂၉ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့ကို ခရီးဆက်ကြမယ်လို့ သိရပါတယ်။

အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးခင်မောင်စိုးရဲ့ တင်ပြချက်ကို နားဆင်နိုင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။