၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးကို ပုဒ်မ ၁၉ နဲ့ ရဲစခန်းအမှုဖွင့်
2015.05.22

ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်က ပြည်သူပိုင်အားကစားကွင်းကို ပုဂ္ဂလိက အဆောက်အဦး ဆောက်လုပ်ခွင့်ပြုထားတာကို ကန့်ကွက်ဆန္ဒပြခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွအစည်းက ဦးကိုကိုကြီး ကို တောင်ဥက္ကလာမြို့နယ် ရဲစခန်းက ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ကြောင်း ဒီနေ့ ခေါ်ယူအသိပေးခဲ့ပါတယ်။
အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ခံဝန်လက်မှတ်ရေးထိုး ခိုင်းတာကို လက်မခံပဲ ငြင်းပယ်ခဲ့ကြောင်း ဦးကိုကိုကြီးက ပြောပါတယ်။
"၅ လကျော်ကြာတဲ့အခါကျမှ မနေ့ကမှ ရဲစခန်းကနေ ကျနော်ဆီကို ဒီစာပို့ပြီးတော့ အကြောင်းကြားလာ တယ်၊ အဲ့ဒီတော့ အများပိုင်ပစ္စည်းဖြစ်တဲ့ ကလေးအားကစားကွင်းကို ကာလပေါက်ဈေး သိန်း ၇ သောင်း ၈ သောင်းတန်တဲ့နေရာမှာ စီးပွားရေးအကျိုးအမြတ်အတွက် လုပ်တဲ့ကိစ္စကို နိုင်ငံတော်ကအရေးမယူပဲနဲ့ ကျနော်တို့ ဒေသခံတွေက ဒီကလေးကစားကွင်းကို မူလအတိုင်းပြန်လည်ရရှိဖို့အတွက် ဆန္ဒဖော်ထုတ်တဲ့သူတွေကို အရေးယူမယ် ဆိုရင်တော့ ကျနော်အနေနဲ့ အာမခံယူတာတို့ ခံဝန်တို့ ကျနော်တို့ လုံးဝလုပ်မှာမဟုတ်ဘူး၊ ဒီနေ့ရုံးက ရဲစခန်းကခေါ်တဲ့အခါမှာလည်းပဲ အမှုဖွင့်တဲ့အနေနဲ့မဟုတ်ပဲနဲ့ အဲ့ဒီနေ့က ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက် ကို ပြန်ပြောပြပါဆိုလို့ ကျနော်ပြောပြတယ်၊ သူတို့လက်ရေးနဲ့ ရေးပြီးမှတ်တမ်းတင်တယ်၊ အဲ့ဒီတော့ ကျနော်ကလက်မှတ်ထိုးခဲ့တာ ခံဝန်လုပ်ခဲ့တာ ဘာတစ်ခုမှမရှိဘူး"
တောင်ဥက္ကလာပ ၉ ရပ်ကွက်က ပေ ၁ဝဝ ကျော်တဲ့ အများပိုင်အားကစားကွင်းကို ပြီးခဲ့တဲ့ နှစ်မှာ မြို့တော်ဝန်က သိမ်းဆည်းခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖံ့ွဖြိုးရေးပါတီက ပါတီပိုင် ရှစ်ထပ် အဆောက်အဦး တည်ဆောက်နေ တာဖြစ်ပါတယ်။
အဲ့ဒီလိုလုပ်တာဟာ နိုင်ငံရေးပါတီအနေနဲ့ အများပိုင်နေရာကို အလွဲသုံးစားလုပ်တာဖြစ်ကြောင်း ဦးကိုကိုကြီး က ပြောပါတယ်။
အဆောက်အဦးဆောက်လုပ်မှုကို ရပ်ဆိုင်းပေးဖို့အတွက် ဦးကိုကိုကြီးအပါအဝင် ဒေါက်တာစောနိုင်၊ ကိုနိုင်ကိုလင်း၊ ဦးအောင်မော်နဲ့ ဦးမုန်းခက်တို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဆန္ဒပြဟောပြောခဲ့တဲ့အတွက် ခွင့်ပြုချက်မပေး တဲ့နေရာမှာ ဆန္ဒပြလို့ဆိုပြီး ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရတာဖြစ်ပါတယ်။
မြို့နယ်ရဲစခန်းက ကျိုက္ကဆံဟစ်တိုင်မှာ ဆန္ဒပြဖို့ခွင့်ပြုပေမယ့် ဦးကိုကိုကြီးတို့က အဆောက်အဦး ဆောက်လုပ်နေ တဲ့ အားကစားကွင်းရှေ့မှာ ဆန္ဒပြဟောပြောခဲ့တာဖြစ်ပါတယ်။