တရုတ်-မြန်မာနယ်စပ် မုံးကိုးမြို့နယ် ရှီကျိကျတောင်အနီး တပ်စွဲထားတဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA ရဲ့ မန်ရန် စခန်းမှာ နိုဝင်ဘာ ၂၁ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က ၂၀ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကိုးကန့်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ တပ်မ ၉၉ လက်အောက်ခံ တပ်ရင်း ၁၅ နဲ့ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်း ၁၀၅ တပ် တွေက မန်ရန်စခန်းကို မနေ့က မနက် ၇ နာရီကနေ ၁၁ နာရီအထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန် ထားပါတယ်။
စစ်ကောင်စီဘက်က ဒဏ်ရာရသူဦးရေနဲ့ သေဆုံးသူဦးရေ အတိအကျဖော်ပြထားတာ မတွေ့ရသလို ကိုးကန့် တပ်ဖွဲ့ဘက်ကတော့ တစ်ဦး ကျဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
မနေ့ကတစ်ရက်ထဲမှာပဲ မုံးကိုးမြို့နယ်ထဲက ပန်ရင်းလပ၊ ပန်ဆာတောင်ကုန်း၊ ရှပန်ဆာ၊ ချင်ချိုင့်ထောင် တောင်ကုန်းနဲ့ ပန်ဆိုင်းတံတား စတဲ့နေရာတွေမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်ဖွဲ့တွေ တိုက်ပွဲ ခြောက်ကြိမ် အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအကြိမ်ရေ ၉၀၀ ကျော်အထိ ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုးကန့်တပ်ဖွဲ့ ပြန်ကြားရေးအရာရှိကတော့ ဒီရက်ပိုင်းမှာ တိုက်ပွဲတွေဆက်တိုက်ဆိုသလိုဖြစ်နေတာ မှန်ကန်ကြောင်းနဲ့ တိုက်ပွဲအခြေအနေအသေးစိတ်ကိုတော့ ထပ်မံမသိရသေးဘူးလို့ ပြောပါတယ်။ စစ်ကောင်စီ ဘက်ကတော့ ဒီတိုက်ပွဲအခြေအနေတွေအပေါ် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
မုံးကိုးမြို့နယ်အတွင်းမှာ လွန်ခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကတည်းက စစ်ကောင်စီနဲ့ ကိုးကန့်တပ်တွေ တိုက်ပွဲတွေပြန်ဖြစ်နေပြီး ဒေသခံ နှစ်ထောင်ကျော်တို့ ဒီနေ့အထိ နေရပ်စွန့်ခွာနေရဆဲ ဖြစ်ပါတယ်။