ကိုးကန့်တိုက်ပွဲ စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံးကြောင်း MNDAA ပြော
2023.10.15

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသမှာ အောက်တိုဘာလ ၁၄ ရက်နေ့က (MNDAA) ကိုးကန့်အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့တယ်လို့ MNDAA သတင်းတွေကို ဖော်ပြနေတဲ့ The Kokang မီဒီယာက အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်တဲ့ တစ်ဖွဲ့လုံးနီးပါး ရှင်းလင်းခံရတဲ့ အခြေအနေဖြစ်တယ်လို့ The Kokang မီဒီယာက ဖော်ပြထားပြီး ရုပ်သံဖော်ပြချက်မှာလည်း သေဆုံးနေတဲ့ စစ်ကောင်စီတပ်သား ရုပ်အလောင်း ခြောက်ခုထက်မနည်း တွေ့ရပါတယ်။
အောက်တိုဘာလ ၁၄ ရက် နေ့လယ်မှာ အမှတ် ၁၂ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၂)၊ တပ်ရင်း ၃၃၅ က စစ်ကောင်စီတပ်သားသုံးဆယ်ခန့်ဟာ အရပ်သားတစ်ဦးကို လမ်းပြအဖြစ်ခေါ်လာခဲ့ပြီး MNDAA စခန်းတစ်ခုအနီး ရောက်ဖို့ ငါးမီတာအလိုမှာ MNDAA တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်ခဲ့တာပါ။
တိုက်ပွဲအပြီး ရိုင်ဖယ် ၁၀ လက်၊ ၆၀ မမ အမြောက်တစ်လက်၊ လက်ပစ်အမြောက် တစ်လက်၊ ကျည်ဘောက် ၁၄ ခု၊ ကျည်ဆန် ၂၁၈ တောင့်၊ အသံလွှင့်စက်တစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဂြိုလ်တုဖုန်းတစ်လုံးနဲ့ အခြား ထောက်ပံ့ရေးပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာနဲ့ မြို့နယ်အမည်တွေကိုတော့ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။
ဒီအရေအတွက်နဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ဒါ့အပြင် တိုက်ပွဲအခြေအနေအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။
The Kokang မီဒီယာစာမျက်နှာဟာ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ ပတ်သက်တဲ့သတင်းတွေကို ဖော်ပြနေတဲ့ မီဒီယာဖြစ်ပါတယ်။