ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အစိုးရပါဝင်ကူညီဖို့ ကိုဂျင်မီတိုက်တွန်း
2014.07.05

ပုဒ်မ ၄၃၆ ကိုပြင်ဆင်တဲ့ ဟောပြောပွဲတွေ ဟာ နိုင်ငံသားတွေ ဖွဲ့စည်းပုံ အခြေခံဥပဒေအကြောင်း သိရှိနားလည်အောင် လုပ်ဆောင်နေတာဖြစ်တဲ့အတွက် အစိုးရအနေနဲ့ ကူညီဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုဂျင်မီက ဒီကနေ့ တိုက်တွန်းပြောကြားပါတယ်။
ဒီကနေ့ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ တိုင်းလိယဉ်ကျေးမှုခန်းမမှာ ကျင်းပခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒလက်မှတ် ကောက်ခံတဲ့ဟောပြောပွဲမှာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီက အခုလိုပြောခဲ့ပါတယ်။
"၁၅ နှစ်ကြာ အချိန်ယူခဲ့တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီကနေ့ ပြန်ပြီးစမ်းစစ်လိုက်တဲ့အခါမှာ လူ ၁ဝဝ မှာ ၉၉ ယောက်က မသိဘူး၊ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းကို ဒီကနေ့ ကျနော်တို့ အများပြည်သူ သိအောင်ပြောနေတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာလဲဆိုတာ ကျနော်တို့ ရှင်းပြနေတာ၊ သူတို့လက်ထက်မှာ မသိခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ သိအောင်လုပ်ပေးနေတာ၊ ပိတ်ပင်တာ တားဆီးတာထက် အကူအညီပေးပါလို့ ကျနော်တို့ပြောချင်တယ် "
ဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ နာယက သူရဦးတင်ဦးကလည်း ပုဒ်မ ၄၃၆ ကိုပြင်ဆင်မှသာ စစ်မှန်တဲ့ ဖယ်ဒရယ်နိုင်ငံ တည်ထောင်နိုင်မယ်လို့ ပြောပါတယ်။
ဒီကနေ့ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟောပြောပွဲကို ကျိုင်းတုံမြို့အနီးတဝိုက်က ရာနဲ့ချီတဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြသလို ဥပဒေပညာရှင် ဦးအောင်သိန်းနဲ့ NLD ပါတီက ဦးထင်လင်းဦးတို့ကလည်း ဒေသခံတွေ လက်မှတ်ရေးထိုးနိုင်မယ့် အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းဆောင်ရွက်နေတဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံးမှာရှိတဲ့ လူထုဆီကနေ လက်မှတ်ပေါင်း ၃ သန်းကျော်ရရှိထားပြီးဖြစ် ပါတယ်။
ဒီဟောပြောပွဲအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။