ကိုထင်ကျော်ကို ထောင်ဒဏ် ၁ နှစ် ထပ်မံချမှတ်
2014.08.01

ရန်ကုန်တိုင်းအတွင်း တရားရုံး ၁၂ ရုံးမှာ အမှုရင်ဆိုင်နေ ရတဲ့ ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားသူများ အင်အားစု MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော် ကို တောင်ဒဂုံမြို့နယ် တရားရုံးက ဒီနေ့ ထောင်ဒဏ် ၁ နှစ် ထပ်မံချမှတ်လိုက်တဲ့အတွက် စုစုပေါင်း ထောင် ဒဏ် ၄ နှစ်ရှိသွားပြီလို့သတင်းရရှိပါတယ်။
ကိုထင်ကျော်ကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြမှုတွေ၊ ဆူပူအောင်လှုံ့ဆော်မှုတွေနဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ်အတော်များများက ရဲတပ်ဖွဲ့တွေက တရားစွဲထားပြီး၊ မြို့နယ်တစ်ခုစီအလိုက် ထောင်ဒဏ် ချမှတ်နေတာပါ။ နောက်ထပ်ရင်ဆိုင်ရဦးမယ့် တရားရုံး ၆ ရုံးကျန်သေးတယ်လို့ ကိုထင်ကျော်ရဲ့ညီ ကိုသိန်းအောင်မြင့်က RFA ကို အခုလိုပြောပါတယ်။
"ကိုထင်ကျော်ကို ပုဒ်မ ၁၈ နဲ့ ၆ လပိုင်း ၄ ရက်နေ့ က ကျောက်တံတားမြို့နယ်က ထောင် ၃ လ ချထားတာရှိတယ်၊ ပြီးတော့ ၇ လပိုင်း ၉ ရက်နေ့က ဗဟန်းမြို့နယ်က ထောင် ၃ လ ချထားတာရှိပေါ့ဗျာ၊ ၅ဝ၅(ခ)နဲ့က ဒီ ၆ လပိုင်း ၂၃ ရက်နေ့က တောင်ဥက္ကလာပ တရားရုံးက ထောင်ဒဏ် ၆ လချထားပါတယ်၊ ပြီးတော့ ၇ လပိုင်း ၂၁ ရက်နေ့မှာပဲ ဒဂုံအရှေ့နဲ့ ဒဂုံမြောက် တရားရုံးက ထောင်ဒဏ် ၁ နှစ်စီ ချထားပါတယ်၊ ဒီနေ့ သြဂုတ်လ ၁ ရက်နေ့မှာတော့ တောင်ဒဂုံတရားရုံး က ထောင်ဒဏ် ၁ နှစ် ထပ်ချပါတယ်ခင်ဗျ၊ စုစုပေါင်း ထောင်ဒဏ်အားလုံး ၄ နှစ် ရှိသွားပါပြီ၊ နောက်ထပ် တရားရုံး ၆ ရုံး ကျန်ပါသေးတယ်ခင်ဗျ"
ကိုထင်ကျော်ဟာ ၂၀၀၇ ခုနှစ်က ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အကြိမ်ကြိမ် ဆန္ဒပြတောင်းဆိုခဲ့ တာကြောင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
အခုအစိုးရလက်ထက်မှာ ပြစ်ဒဏ်လျှော့ပေါ့ပေးတဲ့အတွက် ပြန်လွတ်လာပြီးတဲ့နောက်မှာလည်း လက်ကျန်နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ မြေယာသိမ်းခံရတဲ့ ပြည်သူတွေကို မြေယာပြန်ပေးဖို့၊ တယ်လီဖုန်းဆင်းကတ်တွေ ၅ ထောင်ကျပ်နဲ့ ရောင်းပေးဖို့စသဖြင့် အကြိမ်ကြိမ် တောင်းဆိုဆန္ဒပြခဲ့သလို၊ အခုတစ်ကြိမ် အဖမ်းမခံရခင်မှာတော့ အစိုးရကို အယုံအကြည်မရှိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တိုင်းရင်းသားဒီမိုကရေစီ အင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။