လိပ်ကျွန်းအမှု မြန်မာလုပ်သမား ၂ ဦးရဲ့ အယူခံပယ်ချခံရ၊ မူလ တရားရုံး အမိန့်အတိုင်းဆုံးဖြတ်
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက် ပြီး မြန်မာ အလုပ်သမားနှစ်ယောက်ရဲ့ အယူခံကို အယူခံတရားရုံးက ပယ်ချလိုက်ပြီး မူလတရားရုံးရဲ့ အမိန့်အတိုင်း သေဒဏ်ချဖို့ ဆုံးဖြတ်လိုက်တယ်လို့ လိပ်ကျွန်း လူသတ်မှုစုံစမ်းရေးအဖွဲ့ဝင် ဦးထူးချစ်က ပြော ပါတယ်။
-
2017-03-01 -
-
-
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာ အလုပ်သမားနှစ်ယောက်ရဲ့ အယူခံကို အယူခံတရားရုံးက ပယ်ချလိုက်ပြီး မူလတရားရုံးရဲ့ အမိန့်အတိုင်း သေဒဏ်ချဖို့ ဆုံးဖြတ်လိုက်တယ်လို့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အဖွဲ့ဝင် ဦးထူးချစ်က ပြောပါတယ်။
အဲဒီလို စီရင်ချက်ချတဲ့အကြောင်း မြန်မာအလုပ်သမားတွေဘက်က ကူညီပေးနေတဲ့ ထိုင်းရှေ့နေများ ကောင်စီကို အသိမပေးသလို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း အသိပေးခြင်းမရှိဘူးလို့ ဦးထူးချစ်က ပြောပါတယ်။
"ဒီအမှုကို လိုက်ပါကူညီနေတဲ့ ထိုင်းရှေ့နေများ ကောင်စီ။ အဲဒီကိုလည်း တရားဝင် အကြောင်းကြားမှု မရှိဘူးလို့ ကျနော်တို့ သိရတယ်ဗျ။ နောက်တခုက ကျနော်တို့ မြန်မာသံရုံးလည်း ကျနော်ထင်တယ် သိပုံမရဘူး။ ဒါပေမဲ့ အခု ကျနော်တို့ မြန်မာသံရုံးနဲ့တော့ အဆက်အသွယ်မရသေးဘူးပေါ့လေ။ ဆိုတော့ ကျနော်ထင်တယ် သူတို့ဘာသာ သူတို့ပဲ အဲဒီလို ဆုံးဖြတ်ပြီးတော့မှ ထိုင်းသတင်းမီဒီယာ ကနေပြီးတော့ ဖြန့်လိုက်တဲ့ သဘောမျိုး ဖြစ်နေတယ်ဗျ။"
လိပ်ကျွန်းလူသတ်မှုနဲ့ပတ်သက်ပြီး အယူခံတင်ထားတဲ့ ကော့စမွီခရိုင်တရားရုံးက မူလတရားရုံး စီရင်ချက် အတိုင်း သေဒဏ်ချလိုက်တဲ့အကြောင်းကို ဒီကနေ့ထုတ် ထိုင်းသတင်းစာတစ်စောင်မှာ ဖော်ပြထားတဲ့အတွက် သိရတာဖြစ်ပြီး ဘယ်နေ့က စီရင်ချက်ချလိုက်တယ်ဆိုတာကို သေသေချာချာ မသိသေးဘူးလို့ ပြောပါတယ်။
ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ မြန်မာအလုပ်သမား နှစ်ယောက်ကို ကူညီဖို့အတွက် ထိုင်းနိုင်ငံရဲ့ ဥပဒေဘောင်တွင်းကနေ ဆက်လုပ်သွားမှာဖြစ်ပြီး မြန်မာအစိုးရအနေနဲ့လည်း အမှုနဲ့ပတ်သက်ပြီး သံတမန်နည်းလမ်းနဲ့ ကူညီဖို့ ဦးထူးချစ်က တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံ ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ကို ဗြိတိန် နိုင်ငံသား စုံတွဲကို သတ်တယ်ဆိုပြီး ထိုင်းနိုင်ငံ ကော့စမွီတရားရုံးက ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က သေဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦးဟာ နောက်ဆုံးအယူခံအဖြစ် ထိုင်းနိုင်ငံရဲ့ တရား လွှတ်တော်ရုံးချုပ်မှာ ရက် ၃၀ အတွင်း အယူခံတင်ခွင့် ရှိတယ်လို့ သိရပါတယ်။