လိပ်ကျွန်းလူသတ်မှု အဓိကတရားလိုပြသက်သေ ကိုမောင်မောင်ကို လွှတ်ပေး

ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းလူသတ်မှုရဲ့ အဓိက တရားလိုပြသက်သေ ကိုမောင်မောင် အပါအဝင် ၃ ဦးကို တရားရုံးထုတ်စစ်ဆေးပြီးနောက် အချုပ်ကနေ မနေ့ညနေက အပြီးအပိုင် လွှတ်ပေးလိုက် ပါတယ်။ ကိုမောင်မောင်ဟာ လက်ရှိမှာ မြန်မာ ကိုယ်စားလှယ်အဖွဲ့နဲ့အတူရှိနေပြီး မြန်မာပြည်ပြန်ဖို့ အတွက် သံရုံးကစီစဉ်ပေးတာကို စောင့်ဆိုင်းနေ တယ်လို့ အမှုကိုလိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ ဘန်ကောက်အခြေစိုက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်သောင်းက ပြော ပါတယ်။
"မနေ့ညနေက သူတို့ကို မင်းတို့သွားချင်တာသွားဆိုပြီး လွှတ်လိုက်တယ်၊ ပိုက်ဆံလည်း တစ်ပြားမှမရှိဘူး၊ တရားဝင်နေထိုင်ခွင့်ဆိုတာလည်း ဘာမှမရှိဘူး၊ ဒီကောင်လေး တစ်ခုခုဖြစ်သွားလို့ရှိရင် တော်တော် စိတ်မကောင်းစရာဖြစ်မယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့က သံရုံးကိုသတင်းပို့တဲ့အခါ သံအမတ်ကြီး က ဒီကောင်လေးကို သံရုံးကိုပဲခေါ်လာခဲ့ပါ ကျနော် အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးမယ်ဆိုတော့ ဒီကောင်လေးဟာ အမှုအတွက် မလိုအပ်တော့ဘူးဆိုရင်တော့ သံရုံးခေါ်ပြီးတော့မှ မြန်မာအစိုးရရဲ့ စောင့်ရှောက် မှုနဲ့ သူ့ရဲ့မိဘလက်ထဲကို ကောင်းကောင်းမွန်မွန်ပြန်ရောက်သွားမှာပါ"
ကိုမောင်မောင်နဲ့ နှစ်ဦးကို မနေ့က စူရတ်ဌာနီခရိုင်က ကော့စမွေတရားရုံးမှာ ရုံးထုတ်ပြီး ကြိုတင်သက်သေ ထွက်ချက်ရယူခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အမှုနဲ့ပတ်သက်ပြီး တရားခံတွေအဖြစ် ဖမ်းဆီးခံနေရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ရဲ့ မိဘတွေကို ထိုင်းနိုင်ငံကိုခေါ်ယူဖို့အတွက် MAT အဖွဲ့က ဦးကျော်သောင်းက မနက်ဖြန် မြန်မာနိုင်ငံကို သွားရောက်မယ်လို့ သိရပါတယ်။
ခိုထောင်းျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မနေ့က ဘန်ကောက်မြို့ ဗြိတိန်သံရုံးအရာရှိက မြန်မာနဲ့ ထိုင်းသံရုံးအရာရှိတွေနဲ့ တွေ့ဆုံခဲ့ကြပြီး ထိုင်းသံအရာရှိက ဗြိတိန်နဲ့ မြန်မာနိုင်ငံတို့ အနေနဲ့ DNA မျိုးရိုးဗီဇစစ်ဆေးမှုကလွဲလို့ အမှုနဲ့ပတ်သက်တဲ့ တရားစီရင်မှုတွေမှာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေကို လေ့လာခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ထိုင်းအစိုးရရဲ့ တရားလိုပြသက်သေတွေဖြစ်တဲ့ ကိုမောင်မောင်၊ ကိုအောင်ဇော်လင်းနဲ့ မနီနီအောင်တို့ရဲ့ စစ်ဆေးထွက်ဆိုချက်တွေကို အစိုးရရှေ့နေတွေ တစ်လအတွင်းစီစစ်ပြီး တရားရုံးကို အမှုတင်သွင်းသွားမယ်လို့ သိရပါတယ်။
ကော့စမွေကျွန်းတရားရုံးမှာ မနေ့က စစ်ဆေးခဲ့ရာမှာ ထိုင်းအစိုးရသက်သေတွေက ဒီအမှုမှာ မြန်မာနိုင်ငံသားနှစ်ဦး ပါဝင်ပတ်သက်မှုကို သူတို့ မသိပါဘူးလို့ ထွက်ဆိုခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ မြန်မာသုံးဦးကို ထိုင်းအစိုးရက ဒီကနေ့ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေကြောင့် တရားခံတွေကို ကာကွယ်ပေးနိုင်မယ့်အချက်တွေကို ရရှိထားပြီးအမှုအတွက် အလားအလာကောင်းမွန်တယ်လို့ မြန်မာတရားခံတွေဘက်က လိုက်ပါဆောင်ရွက်နေ သူတွေက ပြောပါတယ်။
ခိုတောင်းကျွန်း လူသတ်မှုအတွက် တရားခံအဖြစ် ဖမ်းဆီးခံထားရသူ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ကို ဥပဒေဘောင်အတွင်းက တတ်နိုင်သမျှ ကူညီနိုင်ဖို့အတွက် မြန်မာအစိုးရဘက်က အထူးစုံစမ်းစစ်ဆေးရေး အဖဲ့ွတစ်ခုစေလွှတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လွတ်မြောက်လာတဲ့ အဓိကတရားလိုပြသက်သေ ကိုမောင်မောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။