လိပ်ကျွန်း အမှု မြန်မာနှစ်ဦး သေဒဏ်ချမှတ်
2015.12.24

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး တရားစွဲဆိုခံထားရ တဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ထိုင်းနိုင်ငံကော့စမွီခရိုင်တရားရုံးက ဒီနေ့ သေဒဏ်ချမှတ်လိုက်တဲ့အပေါ် မြန်မာသံရုံး အထူးအဖွဲ့က တစ်လအတွင်း အယူခံဝင်သွားမယ်လို့ သိရပါတယ်။
တရားရုံးရဲ့ သေဒဏ်အမိန့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၂ ဦးအတွက် အဆင့်ဆင့် အယူခံဝင်သွားမယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံး အထူးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့် က ပြောပါတယ်။
"ဒီဟာကို အခု ကျနော်တို့ အယူခံတက်မှာပါ၊ အယူခံဆိုတာ ၁ လအတွင်း တက်လို့ရပါတယ်၊ ၁ လအတွင်း တက်ဖို့အတွက်ကို ကျနော်တို့ အမိန့်တွေကူးပါပြီ၊ ကူးပြီးလို့ရှိရင် ကျနော်တို့ ၁ လအတွင်းမှာ ဘန်ကောက်မှာ ရှိတဲ့ အယူခံရုံးကို ကျနော်တို့ တင်ထားမယ်၊ ဒါအတွက်ကိုလည်း ရှေ့နေများကောင်စီကလည်း အခု ၁၁ ရက်နေ့မှာ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့အဖွဲ့တွေ အစည်းအဝေးထိုင်မယ်၊ ပြီးလို့ရှိရင် မြန်မာ သံအမတ်ကြီးနဲ့ ကျနော်တို့ သံရုံးနဲ့မှ ဒီအမှုနဲ့ပတ်သက်လို့ တင်ပြချက်တွေကို ပြန်လည်ဆွေးနွေးပြီးလို့ရှိရင် အယူခံကို ကျနော်တို့ အောင်မြင်အောင်လုပ်မှာပါ"
လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့မှာ ထိုင်းရှေ့နေများကောင်စီအဖွဲ့က အယူခံတက်ဖို့အတွက် ဘန်ကောက်မြို့ မှာ အစည်းအဝေးလုပ်သွားမှာဖြစ်သလို မြန်မာသံရုံးအဖွဲ့ကလည်း အယူခံအောင်မြင်အောင် ကြိုးစားသွားမှာဖြစ် တယ်လို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံသားနှစ်ဦးတို့ဟာ ပြီးခဲ့တဲ့ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလအတွင်း ထိုင်းနိုင်ငံ လိပ်ကျွန်းမှာ အသတ်ခံရတာဖြစ်ပါတယ်။
လိပ်ကျွန်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို အဲ့ဒီအမှုမှာ ပါဝင်ပတ်သတ်တယ်ဆိုပြီး လူသတ်မူ၊ မုဒိန်းမှု၊ ထိုင်းနိုင်ငံအတွင်းတရားမဝင် ခိုးဝင်နေထိုင်မှု စတဲ့ပြစ်မှု ၇ ခုနဲ့ ထိုင်း ရဲတပ်ဖွဲ့က တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ ကော့စမွေကျွန်းလူသတ်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ချမှတ်လိုက်တဲ့အတွက် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့မှာ မြန်မာနိုင်ငံသားတွေက ဆန္ဒပြခဲ့ကြပါတယ်။
မြန်မာနိုင်ငံသားနှစ်ဦးကို အသက်ကိုကယ်တင်ဖို့ အရေးကြီးတာကြောင့် ပြည်သူတွေလုပ်နိုင်တာကို လုပ်တာဖြစ်ပြီး အစိုးရအနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာလုပ်ဖို့လိုတယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ကိုနောင်တော်လေး က ပြောပါတယ်။
"ပြန်လည်စစ်ဆေးတဲ့အခါ နှစ်နိုင်ငံစစ်ဆေးဆောင်ရွက်ပြီးတဲ့အခါမှာ သူတို့ ဒီအန်အေမဟုတ်ဘူးဆိုတာ စစ်ဆေးပေါ်ပေါက်ပြီးဆိုတာကို ကျနော်တို့လည်း လေ့လာသိရှိရတယ်၊ ဒီနေ့ ကွင်းလုံးကျွတ်လွတ်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားတယ်၊ ကျနော်တို့ မျှော်လင့်ထားတာနဲ့ လုံးဝသွေဖီဆန့်ကျင်ပြီးတော့ သေဒဏ် ဆိုတဲ့ပြစ်ဒဏ်ကြီးက ထိုင်းအစိုးရရဲ့ ယုတ်မာမှုကိုဖော်ပြလိုက်လို့ ချစ်ကြည်ရင်းနှီးမှုဆိုတာလည်း ကျနော်တို့ မြန်မာနိုင်ငံသား ၂ ယောက်ကို ရက်ရက်စက်စက် သတ်မယ့်အရေးကိစ္စကို ကျနော်တို့ ပြည်သူတွေ ကငြိမ်ခံနေရမှာလား၊ ကျနော်တို့ တက်နိုင်တဲ့အပိုင်းကို ကျနော်တို့လုပ်ရမယ်၊ အစိုးရပိုင်းကလည်း အစိုးရအနေနဲ့ တာဝန်ရှိတဲ့အနေနဲ့ တာဝန်ရှိသလောက်ကို ဆောင်ရွက်ပေးပါ၊ ကျနော်တို့ မြန်မာနိုင်ငံသား ၂ ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ဖို့အရေးကြီးတယ်၊ ကျနော်တို့ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို မပျက်စီးလိုဘူး၊ အဲ့ဒီအတွက် ကျနော်တို့ လုပ်နိုင်စွမ်းအရ ကျနော်တို့ဆန္ဒပါ"
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ မတရားကြောင်း၊ ထိုင်းအစိုးရအနေနဲ့ လွှတ်ပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
ဒီလို မြန်မာနိုင်ငံသား နှစ်ဦးကို သေဒဏ်ပေးလိုက်တာကို ကန့်ကွက်ကြောင်းနဲ့ အမှုနဲ့ အပြစ်ဒဏ်ကို ပြန်လည် စစ်ဆေးသုံးသပ်ပေးဖို့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွ့အစည်းက ထိုင်းနိုင်ငံအစိုးရကို ဒီနေ့ စာပေးပို့လိုက်ပါတယ်။
မြန်မာနိုင်ငံသား ၂ ဦးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ မြန်မာသံရုံးအထူးအဖွဲ့ က ရှေ့နေ ဦးအောင်မျိုးသန့်ကို RFA သတင်းထောက် ကိုဘုန်းမြတ်က ဆက်သွယ်မေးမြန်းထားပါတယ်။
အမှုဖြစ်စဉ် တစ်လျှောက်လုံး လိုက်ပါကူညီဆောင်ရွက်ပေးခဲ့တဲ့ ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေးကွန်ရက် MWRN အဖွဲ့ ဥက္ကဌ ဦးစိန်ဌေးစန်း ကို RFA သတင်းထောက် ဦးအောင်မိုးမြင့်က အမိန့်ချမှတ်ပြီးချိန်မှာ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
သေဒဏ်ချမှတ်လိုက်တဲ့ လိပ်ကျွန်းအမှုအပေါ် ပြစ်ဒဏ်လျှော့ပေါ့ဖို့ မြန်မာနိုင်ငံအစိုးရက သံတမန်ရေးရာ အရ ဆောင်ရွက်မယ်လို့ သိရပါတယ်။ သမ္မတရုံး ညွှန်ကြားရေးမှုး ဦးဇော်ဌေးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေး မြန်းထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ ဦး သေဒဏ်ချမှတ်ခံရတဲ့ အပေါ် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ်ထံ စာပေးပို့လိုက်ပါတယ်။ ကိုမင်းကိုနိုင်ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။