လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ သမ္မတထံတင်သွင်း
2014.10.10

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိသျှစုံတွဲ အသတ်ခံရမှုမှာပါဝင်တဲ့ မြန်မာအလုပ်သမား နှစ်ဦးကို သွားရောက်တေ့ွဆုံခဲ့တဲ့ မြန်မာသံရုံးအထူးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို အောက်တို ဘာလ ၉ ရက်နေ့ မနေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
အဲဒီ အစီရင်ခံစာမှာ ဖမ်းဆီးခံထားရသူတွေနဲ့ တေ့ွဆုံ ခဲ့ပုံနဲ့ မြန်မာလူငယ်နှစ်ဦးကို အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်မယ့် နည်းလမ်းတွေ ကို ရေးသားဖော်ပြထားတယ်လို့ မြန်မာသံရုံးအဖဲ့ွနဲ့ လိုက်ပါဆောင်ရွက်နေတဲ့ မြန်မာအလုပ်သမားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
"အမှုတွဲကူးခွင့်မရတာမှတပါး ကျနော်တို့ စွပ်စွဲခံရတဲ့ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့ကို တွေ့ရတယ်၊ ကျနော်တို့ အခင်းဖြစ်တဲ့ ခိုတောင်းကျွန်းကိုသွားပြီးတော့ နေရာတွေကို သွားပြီးတော့ကြည့်တယ်၊ စစ်ဆေးမှုတွေပြုလုပ်တယ်၊ သိတဲ့လူတွေကိုမေးတယ်၊ ဒီအချက်တွေကို ထည့်ရေးထားပါတယ်၊ အစိုးရရဲ့ အရေးတကြီးသက်သေ တရားလိုပြလုပ်ထားတဲ့ မောင်မောင် နဲ့ တွေ့ရတဲ့အခါမှာလည်း ဒီအချက်အလက်တွေထဲမှာ တရားခံလို့ စွပ်စွဲခံရတဲ့ ကလေးတွေရဲ့ မှန်ကန်တဲ့အချက်တွေကို တင်ပြဖို့အတွက် ကျနော်တို့ထည့်ထားပါတယ်၊ အဲ့လိုတွေ့ရှိချက်တွေကြောင့် နိုင်ငံတော်အနေနဲ့ ဘယ်လိုပံ့ပိုးသင့်တယ်ဆိုတာကိုလည်း ကျနော်တို့ ညှိနှိုင်းပြီးတော့ရေးထားတယ်"
ဗြိတိသျှစုံတွဲ အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မြန်မာကောင်စစ်ဝန် ဦးဆောင်တဲ့ အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့ က မြန်မာနိုင်ငံသားနှစ်ဦးနဲ့ တခြားဆက်စပ်ပတ်သက်နေသူတစ်ဦးကို တေ့ွဆုံခွင့်ရခဲ့ပေမဲ့ အမှုတွဲကိုတော့ ခုထိ ကြည့်ရှုခွင့်မရသေးဘူးလို့ သိရပါတယ်။
ဒီအတောအတွင်း ဒီအမှုနဲ့ပတ်သက်လို့ စွပ်စွဲဖမ်းဆီးခံနေရတဲ့ မြန်မာလူငယ်နှစ်ဦးရဲ့ မိဘတွေကို သူတို့သားတွေ နဲ့တွေဆုံဖို့ ထိုင်းနိုင်ငံကို သွားရောက်နိုင်ရေးအတွက် ရခိုင်ကွန်ရက်က ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ကိုတင်ထူးအောင်က လူသားချင်းစာနာမှုနဲ့ သူတို့အဖွဲ့က ကူညီမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
"လူသားချင်း စာနာထောက်ထားမှုအရ သူ့မိသားစုဝင်တွေနဲ့ တွေ့ဆုံသင့်တယ်၊ ဥပဒေကြောင်းအရ မိဘတွေ အနေနဲ့ ဒီနေရာကို သွားရောက်သင့်တယ်၊ ကျနော်တို့အနေနဲ့ ဥပဒေအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရဖို့အတွက်ဆိုပြီးတော့ ဒီအချက်တွေအပေါ် မူတည်ပြီးတော့ စဉ်းစားလိုက်တာ ကျောက်ဖြူမှာရှိတဲ့ သူတို့မိဘတွေကို ရန်ကုန်ရောက်တဲ့အခါ ကျနော်တို့က တာဝန်ယူပြီးတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့သော်လည်းကောင်း နိုင်ငံကူးလက်မှတ် အမြန်ရရှိအောင် ဆောင်ရွက်ပြီးတော့ ကျနော်တို့ ထိုင်းကိုပို့မယ်"
သူတို့ မိဘတွေကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူကနေ ရန်ကုန်လာရောက်ဖို့အတွက် ကျောက်ဖြူမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက ကူညီပေးမှာဖြစ်ပြီး ရန်ကုန်ကနေ ထိုင်းနိုင်ငံသွားရောက်ဖို့ကိုတော့ ရခိုင်ကွန်ရက်က ကူညီပေးမှာဖြစ်ပါတယ်။
ထိုင်းနိုင်ငံကို ရောက်ရှိတဲ့အခါမှာတော့ အစွပ်စွဲခံလူငယ်တွေနဲ့ တွေဆုံဖို့နဲ့ နေထိုင်ဖို့အတွက် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ချိတ်ဆက်လုပ်ဆောင်ပေးသွားမယ်လို့လည်း ကိုတင်ထူးအောင်က ပြောပါတယ်။
ဒီကိစ္စ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံ မှာရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာလည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။