မြန်မာနှစ်ဦးအမှု ထိုင်းတရားရုံးမှာ နောက်ဆုံး အယူခံတင်

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ သေဒဏ် ချခံထားရတဲ့ မြန်မာအလုပ်သမား ၂ ဦး ရဲ့ နောက်ဆုံးအယူခံကို ဒီနေ့ ကော့စမွီခရိုင်တရားရုံးက လက်ခံလိုက်ပါတယ်။

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ မြန်မာနိုင်ငံသား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို ကော့စမွီး တရားရုံးမှာ ရုံးထုတ်လာစဉ် Photo: thaivisa website

ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ သေဒဏ်ချခံထားရတဲ့ မြန်မာအလုပ်သမားနှစ်ဦးရဲ့ နောက်ဆုံးအယူခံကို ဒီနေ့ ကော့စမွီ ခရိုင်တရားရုံးက လက်ခံလိုက်ပါတယ်။

ဒီအယူခံဟာ သူတို့၂ ဦးအတွက် သေဒဏ်ပြစ်ဒဏ် ချမှတ်ခံထားရတာကို လွတ်ငြိမ်းခွင့်ရဖို့ တင်တဲ့အယူ ခံဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဖွဲ့စည်းထားတဲ့ "လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး"အဖွဲ့ဝင် ဦးမင်းဦးက ပြောပါတယ်။

"တရားရုံးက အခုပဲလက်ခံလိုက်ပြီဗျ၊ လက်ခံလိုက်ပြီဆိုလို့ရှိရင် သူတို့ချိန်းမှာပေါ့နော်၊ အဲ့ဒါကို ကျနော်တို့ရှေ့နေ အဖွဲ့ကို သူတို့အကြောင်းကြားပါလိမ့်မယ်၊ အဲ့ကျမှရက်တို့ကို ထုတ်ပြန်မှာပေါ့နော်၊ ကျနော်တို့အခု ရှေ့နေကိုမေး ထားတာပါတယ်၊ ရှေ့နေက ဒါကလပိုင်းကြာနိုင်တယ်လို့ ပြောတယ်ဗျ၊ နှစ်လ၊ သုံးလလောက်ကြာမှပဲ ပြောနိုင် တာလည်းဖြစ်နိုင်တယ်၊ အဲ့ဒါက တရားသူကြီးအပေါ်မှာပဲ မူတည်တယ်ပေါ့နော်၊ သူတို့အနေနဲ့ ရက်အတိအကျကို ခန့်မှန်းဖို့ခက်တယ်"

စာမျက်နှာ ၂၀ လောက်ရှိတဲ့ အယူခံလွှာမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရမှုမှာ အသုံးပြုခဲ့တဲ့ ပေါက်တူး မှာ တေ့ွရှိခဲ့တဲ့ မျိုးရိုးဗီဇ နဲ့ သေဒဏ်ချမှတ်ခံထား ရတဲ့ မြန်မာအလုပ်သမားနှစ်ယောက်ရဲ့ မျိုးရိုးဗီဇ မတူညီတာ၊ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးထားတဲ့ DNA စစ်ချက်မှာ ပြုပြင်ထားချက်တွေ ပါနေတာ၊ အဓိကသက်သေတွေကို မစစ်ဆေးတာတွေစတဲ့ အချက်တွေနဲ့ တင်ပြထားတာ ဖြစ်ပါတယ်။

အယူခံလျှောက်ထားရာမှာ မြန်မာအလုပ်သမား ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေလည်း လိုက်ပါခဲ့ပြီး ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ စုံစမ်းရေးအဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။

ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာလှည့်ခရီးသွားတွေ လည်ပတ်တဲ့ လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား အမျိုးသားနဲ့ အမျိုးသမီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က အမှု ၇ ခုနဲ့ ထိုင်းတရားရုံးက သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org