ကိုဖီအာနန် ရခိုင်ပြည်နယ်ကို သွားမည်
2016.11.27

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဆိုင်ရာကော်မရှင် ဥက္ကဌ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ Kofi Anan (ကိုဖီအာနန်) ဟာ လာမယ့် နိုဝင်ဘာ ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ တစ်ခြားမြို့တွေကို သွားရောက်မှာဖြစ်ပါတယ်။
မြန်မာပြည်မှာ ၅ ရက်နီးပါး နေထိုင်ဦးမှာဖြစ်ပြီး သွားသင့်တဲ့နေရာတွေကို သွားရောက်ဖို့ စီစဉ်ထား တယ်လို့ အကြံပေးကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။
"သူလာရင် ခရီးတွေထွက်ဖို့ရှိတယ် စစ်တွေက ပါတာပေါ့၊ သွားသင့်သွားထိုက်တဲ့ နေရာတွေကိုလည်း သွားမယ် ၄၊ ၅ ရက်လောက်တော့နေ မယ်၊ နိုင်ငံတော်အစိုးရကို ဘာလုပ်သင့်တယ်ဆိုတဲ့ အကြံကောင်းတွေပေးဖို့ပါ အဲ့ဒီအတွက် အလုပ်တွေဆက်လုပ်နေပါတယ်"
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က မစ္စတာ ကိုဖီအာနန်မပါဝင်ဘဲ ကော်မရှင်အဖွဲ့ဝင် ၇ ဦးဟာ ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း၊ အုန်းတောကြီး၊ ရေချမ်းပြင် စတဲ့ ကျေးရွာတွေကိုသွားရောက်ပြီး ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီကော်မရှင်အဖွဲ့ဝင်တွေဟာ အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ် က ကျေးရွာတွေကို သွားရောက်ဖို့ စီစဉ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေအရ သွားရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။
မစ္စတာကိုဖီအာနန်ရဲ့ ခရီးစဉ်ဟာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ မောင်တောမြို့နယ်အတွင်းက ကျေးရွာတွေကို သွားရောက်လေ့လာမလားဆိုတာတော့ မသိရသေးပါဘူး။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဥက္ကဌ အဖြစ် တာဝန်ယူထားတဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ပြည်ပပညာရှင် ၃ ဦး နဲ့ ပြည်တွင်းက လူပုဂ္ဂိုလ် ၆ ဦး အပါအဝင် စုစုပေါင်း ၉ ဦးနဲ့ သြဂုတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။
ကော်မရှင်ဟာ ရခိုင်ပြည်နယ်ဆိုင်ရာ လေ့လာတွေ့ရှိချက်တွေနဲ့ အကြံပြုချက်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကနေတဆင့် အစိုးရထံ ၁ နှစ်အတွင်း တင်ပြရမှာဖြစ်ပါတယ်။