ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ဥက္ကဌ ကိုဖီအာနန်က စစ်တွေမြို့မှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ မောင်တောတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မြန်မာအစိုးရက အခုလို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းလိုက်တာဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်ဖြစ်တယ်လု့ိ မိမိယုံကြည်ပါတယ်။ အဲဒီအစီရင်ခံစာ ထွက်လာ တဲ့အခါ ပိုပြီးအကျိုးရှိမယ် ထင်ပါတယ်လို့ ပြောဆိုပါတယ်။
မြန်မာအစိုးရက မောင်တောဒေသကို နိုင်ငံတကာအဖွဲ့အစည်းတွေ သွားရောက်ပြီး လူသားချင်းစာနာမှု အကူအညီတွေ ပံ့ပိုးခွင့်မပြုတာနဲ့ ပတ်သက်လို့တော့ ကိုဖီအနန်က ဒုက္ခသည်တွေထံကို အစိုးရရဲ့ လုံခြုံရေး စီမံချက်တွေကြောင့် စားနပ်ရိက္ခာ အကူအညီသွားပေးလို့ မရဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ဒီကိစ္စအတွက် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ ကျနော်ဆွေးနွေးပြောဆိုပါမယ်။ တိုးတက်အောင်မြင်မှုရဖို့ မျှော်လင့်ပါတယ် လို့ ပြောပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ မောင်တောဒေသကို သွားရောက်မှာဖြစ်ပါတယ်။ အဲဒီ ခရီးစဉ်ဟာ အချိန်သိပ်ရမှာ မဟုတ်ပေမယ့် ရသမျှအချိန်အတွင်း ဒေသရဲ့ အခြေအနေတွေကို ကျနော်တို့ တတ်နိုင်သမျှ များများသိရှိအောင် ကြိုးစားလေ့လာမယ်။
ဒေသခံတွေနဲ့လည်း ဖြစ်နိုင်သမျှ တွေ့ဆုံမေးမြန်းမယ်လို့ ကိုဖီအာနန်က ပြောကြားခဲ့ပါတယ်။