ရခိုင်ကော်မရှင်အဖွဲ့ ဘူးသီးတောင် ဒေသခံတွေ နဲ့ တွေ့ဆုံ
2016.12.03

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဘူးသီးတောင်မြို့မှာ ရခိုင်တိုင်းရင်းသားတွေ၊ မွတ်ဆလင် နှစ်ဘက်ရပ်မိရပ်ဖတွေနဲ့ ဒီနေ့ညနေက သီးခြားစီတွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ မောင်တောနယ်စပ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေလိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်အောင် အစီအမံတွေလုပ်ပေးဖို့ တင်ပြခဲ့တယ်လို့ ကော်မရှင်အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ ဘူးသီးတောင်မြို့ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်ဦးသာ က ပြောပါတယ်။
"ဒီမြို့နယ်မှာ ဖွံ့ဖြိုးတိုးတက်အောင်တစ်ခုခုလုပ်ပေးပါဆိုပြီး ကျနော်တို့က တောင်းဆိုတယ် ၊ နောက်တစ်ကြိမ် ထပ်မဖြစ်အောင် ဆောင်ရွက်ပေးပါ ဆိုပြီး ဆန္ဒပြုကြပါတယ်"
မစ္စတာကိုဖီအာနန်ကတော့ မောင်တောမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ အကြမ်းဖက် သမားတွေရဲ့ လုပ်ရပ်သာဖြစ်တာကြောင့် မွတ်ဆလင်လူ့အဖွဲ့အစည်းတစ်ခုလုံးကို အပြစ်ပုံမချဖို့နဲ့ အပြစ်ပုံချ ခဲ့မယ်ဆိုရင် ပြဿနာတွေ ပိုမိုကြီးထွားလာစေနိုင်ကြောင်း ဆွေးနွေးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။
မစ္စတာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ ဒီနေ့ မနက်က အကြမ်းဖက် မှုတွေဖြစ်ပွားခဲ့တဲ့ ကျီးကန်းပြင်၊ ဝါးပိတ်၊ ကြက်ရိုးပြင် စတဲ့နေရာအချို့ကို သွားရောက်ခဲ့သလို ရွှေဗဟိုတိုင်းရင်း သားကျေးရွာကိုလည်း သွားရောက်လေ့လာခဲ့ပါတယ်။
အဲဒီခရီးစဉ်အတွင်း ကော်မရှင်အဖွဲ့ကို ဖျက်သိမ်းပေးဖို့နဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဆုံးဖြတ်ချက်ကို မချိုးဖောက်ဖို့ စတဲ့အချက်တွေနဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေမှာ ဒေသခံတချို့က ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ဟာ မနက်ဖြန် မြောက်ဦးနဲ့ မြေပုံမြို့နယ်တွေကို သွားရောက်မှာဖြစ် တယ်လို့လည်း သိရပါတယ်။