လမ်းဖေါက်နေတဲ့တပ်တွေ ဆုတ်ပေးဖို့ KNU တောင်းဆို

ကရင်ပြည်နယ် ဖာပွန်ခရိုင်က KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေမှာ တပ်မတော်ဘက်က လမ်းဖောက်လုပ်ဖို့ ပြင်ဆင်နေတဲ့အတွက် နှစ်ဖက်တပ်တွေအကြား စစ်ရေးတင်းမာနေပြီး တပ်မတော်ဘက်က စစ်ကြောင်းတွေကို ပြန်ရုပ်သိမ်းပေးဖို့ KNU က တောင်းဆိုပါတယ်။

အဲဒီဒေသမှာ လမ်းဖောက်ဖို့အတွက် နှစ်ဖက်တပ်တွေညှိနှိုင်းမှု မပြေလည်သေးချိန်မှာ အခုလို တပ်မတော်ဘက်က အလုံးအရင်းနဲ့ လာရောက်တပ်စွဲတဲ့အတွက် ပြန်လည်ညှိနှိုင်းဖို့ တောင်းဆိုတာလို့ KNU အထွေထွေအတွင်းရေး မှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။

"လမ်းလုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ နှစ်ဖက်ကြားမှာ တင်းမာမှုလေးတွေဖြစ်လာတော့ အနီးနားက ရွာလေးတွေက ကြောက်လန့်ပြီး ချောင်းချိုချောင်းကြား လျှောက်ပြီးတော့ ထွက်ပြေးကြရတဲ့ အနေ အထားတစ်ခုအထိ ဖြစ်လာတာပေ့ါနော်၊ ညှိနှိုင်းပြီးတော့ ဖြေရှင်းလို့ရနိုင်တဲ့ကိစ္စပဲဖြစ်ပါတယ်''

တပ်မတော်ဘက်က ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဖာပွန်ဒေသဘက်မှာ လမ်းဖောက်လုပ်ဖို့ KNU တပ်မဟာ ၅ ဆီ အကြောင်းကြားခဲ့ပါတယ်။ ဒါပေမဲ့ ခုလိုအချိန်မျိုးမှာ မလုပ်သင့်သေးကြောင်း ပြန်လည်အကြောင်းပြန်ခဲ့ပေမယ့် လည်း တပ်မတော်က တပ်ရင်းလိုက် ဝင်ရောက်လာတာလို့ ပြောပါတယ်။

NCA လုပ်ငန်းစဉ်အရ နှစ်ဖက်ယုံကြည်မှု တည်ဆောက်နေချိန် တပ်မတော်ဘက်က အခုလိုလုပ်ဆောင်တာဟာ NCA ကို ချိုးဖောက်သလိုဖြစ်နေတယ်လို့ ပဒိုစောတာဒိုမူးက ပြောပါတယ်။

နှစ်ဖက်တပ်တွေ ပစ်ခတ်တာတွေရှိခဲ့လို့ အနီးအနားဒေသခံကျေးရွာ ၁၄ ခုက လူပေါင်း ၂၀၀၀ နီးပါး ထွက်ပြေးနေ ကြရတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

KNU ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထား တဲ့အဖွဲ့ဖြစ်ပါတယ်။

KNU ဘက်ကတော့ ဒီကိစ္စပြေလည်ဖို့အတွက် NCA မူအတိုင်းသာ အဆင့်ဆင့်ဖြေရှင်းဖို့ စီစဉ်ထားတယ်လို့ ပြော ပါတယ်။