အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST ဥက္ကဋ္ဌနေရာကို တာဝန်ယူထားတဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဋ္ဌဟာ PPST တာဝန်ကနေအနားယူပြီး KNU ကိုယ်စား အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူးကို အစားထိုး တာဝန်ပေးဖို့ စီစဉ်နေတယ်လို့ KNU အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။
အခုလို PPST ကိုယ်စားလှယ် ပြောင်းလည်းဖို့ ဆုံးဖြတ်တာဟာ နိုဝင်ဘာလဆန်းပိုင်းက ကျင်းပခဲ့တဲ့ KNU ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အစိုးရနဲ့ ငြိမ်းချမ်းရေး မဆွေးနွေးခင်မှာ တိုင်းရင်းသားတွေရဲ့လိုလားချက် မူဝါဒတွေကို ကြိုတင်ညှိနှိုင်းနိုင်ဖို့အတွက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST ကို ဖွဲ့စည်းထား တာဖြစ်ပါတယ်။
KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးက ငြိမ်းချမ်းရေး ဦးဆောင်အဖွဲ့ PPST ကို KNU ကိုယ်စား ပါဝင်ထားပြီး PPST ဥက္ကဋ္ဌ တာဝန်ကိုလည်း ပေးအပ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ ဒီလဆန်းပိုင်းက KNU ဌာနချုပ် လေးဝါးမှာ ကျင်းပခဲ့တဲ့ KNU ဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကနေ အဖွဲ့ရဲ့ PPST ကိုယ်စားလှယ်ကို အထွေထွေအတွင်းရေးမှူးချုပ် ပဒို စောတာဒိုမူးကို ပြောင်းလည်းတာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြောင်းလည်းလိုက်တဲ့ အခြေအနေကို KNU ဗဟိုအလုပ်အမှုဆောင် ပဒို မန်းငြိမ်းမောင်က အခုလို ပြောပါတယ်။
"PPST ဥက္ကဋ္ဌက အရင်ကတော့ ကျနော်တို့ KNU ဥက္ကဋ္ဌပေါ့နော်၊ အခုကတော့ ဥက္ကဋ္ဌကနေ အပြောင်းလဲလုပ် ပါတယ်၊ KNU ရဲ့နေရာအတွက်ကို အတွင်းရေးမှူး ပဒို စောတာဒိုမူးကို တာဝန်ပေးပါတယ်၊ လိုအပ်လို့ အပြောင်းအလဲလုပ်တာဖြစ်ပါတယ်၊ KNU ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်တာဖြစ် ပါတယ်"
ဒါ့အပြင် အဖွဲ့အစည်းအတွင်း အခြေအနေရ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ လိုအပ်တာကြောင့် အပြောင်းအလဲတွေလုပ်တာဖြစ်ကြောင်းလည်း ပြောပါတယ်။
KNU အဖွဲ့အနေနဲ့ လေးဝါး ညီလာခံကျင်းပပြီးချိန်မှာတော့ လက်တလော ကျင်းပမယ့် တရားဝင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ခေတ္တဆိုင်းငံထားပြီး အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွေကိုသာ လုပ်ဆောင်သွားမယ် လို့လည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ငြိမ်းချမ်းရေး လမ်းကြောင်းကနေ သွေဖယ်သွားမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုခိုင်မာအောင် KNU အဖွဲ့အတွင်း ပြန်လည်သုံးသပ် ပြင်ဆင်တာတွေ လုပ်ဆောင်နေတာဖြစ်ကြောင်းလည်း KNU ခေါင်းဆောင်တွေက ပြောပါတယ်။
အလားတူ RCSS အဖွဲ့ကလည်း UPDJC အစည်းအဝေးတွေကို တက်ရောက်မှု ရပ်ဆိုင်းထားကြောင်း ကြေညာချက်ကိုလည်း ထုတ်ပြန်ထားပါတယ်။
KNU အဖွဲ့ကိုယ်စားလှယ် အပြောင်းအလည်းတွေနဲ့ RCSS အဖွဲ့တွေ ကြေညာချက် ထုတ်ပြန်ပြီးချိန်ကစလို့ PPST အစည်းအဝေးတွေဟာလည်း ရပ်ဆိုင်းနေပါတယ်။
ဒါပေမဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာ PPST အစည်းအဝေးတွေ ပြန်လည်ကျင်းပနိုင်ရေးကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေကြား ညှိနှိုင်းနေတယ်လို့လည်း PPST အဖွဲ့ဝင်တွေက ပြောပါတယ်။
ABSDF ဒုဥက္ကဋ္ဌ ရဲဘော် မျိုးဝင်းကတော့ KNU က စောမူတူးစေးဖိုးကိုယ်စား ပဒိုစောတာဒိုမူးကို ပြောင်းလဲ တာဝန်ပေးလိုက်တာကြောင့် PPST ဥက္ကဋ္ဌ နေရာအတွက် တာဝန်ယူတဲ့ တိုင်းရင်းသား အလက်နက်ကိုင်အဖွဲ့ ပြောင်းမလား ဒီတိုင်းထားမလားဆိုတာကိုတော့ လာမယ့်ဆွေးနွေးပွဲမှာ ပြန်လည်ဆွေးနွေး သွားရမှာဖြစ်တယ်လို့ ပြောပါတယ်။
"ခုချိန်မှာတော့ ပြောဖို့စောပါသေးတယ်၊ ကျနော်တို့ တရားဝင်ဘာမှ မသိရသေးပါဘူး၊ အပြောင်းအလဲဖြစ်မလား ဆိုတာတော့ အစည်းအဝေးကျမှပဲ သိမယ်လေ၊ အစည်းအဝေးလုပ်ဖို့ကတော့ သိပ်မကြာတော့ဘူးထင်ပါတယ်၊ ရက်ကတော့ညှိနေပါတယ်၊ တချို့ခေါင်းဆောင်တွေက နိုင်ငံတကာ လေ့လာရေးခရီးသွားနေကြတော့ လကုန်ပြီးမှပြန်ရောက်မှာလေ၊ အစည်းအဝေးကျမှပဲ အားလုံးစည်းဝေး တိုင်ပင်ရမယ့် ကိစ္စဖြစ်ပါတယ်"
နိုင်ငံရေးလေ့လာနေတဲ့ ဆောင်းပါးရှင် ဦးမောင်မောင်စိုးကတော့ KNU အဖွဲ့ ကိုယ်စားလှယ် ပြောင်းလဲတာတွေ ရှိပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ အပြောင်းအလဲတော့ မရှိနိုင်ကြောင်း သုံးသပ်ပါတယ်။
"KNU အတွင်းပိုင်းမှာတော့ NCA လမ်းကြောင်းအတိုင်း သွားမယ်လို့ ဆုံးဖြတ်ထားပေမယ့် သွားချင်တဲ့ ပုံစံချင်း မတူကြဘူးထင်ပါတယ်၊ ကျနော်တို့က အပြင်က ခန့်မှန်းရတာဆိုတော့ တိတိကျကျ ခန့်မှန်းရခက်ပါတယ်၊ အဲဒီတော့ ဘာအပြောင်းအလဲရှိမလည်းဆိုတော့ ဘာမှတော့ အပြောင်းအလည်းတော့ ရှိမှာမဟုတ်ပါဘူး၊ KNU အများစုကို ကိုယ်စားပြုတဲ့ သူတစ်ယောက် ပါဝင်လာတာပဲ ဖြစ်ပါလိမ့်မယ်"
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ကို KNU အဖွဲ့ကိုယ်စား ပဒို စောကွယ်ထူးဝင်းကို တာဝန်ပေးထားရာကနေ ပြီးခဲ့တဲ့နှစ်ကလည်း ပဒို စောတာဒိုမူးနဲ့ အစားထိုးခဲ့တာတွေရှိပါတယ်။
ဒါကြောင့် KNU အဖွဲ့အတွင်း ပဒို စောတာဒိုမူးကို ထောက်ခံသူတွေများလာတယ်လို့ သုံးသပ်မှုတွေလည်း ရှိလာပါတယ်ခင်ဗျာ။