KNU ရပ်တည်ချက် ပြတ်သားကြောင်း ညီနောင် သုံးဖွဲ့ဆို

လက်ရှိဖြစ်နေတဲ့ စစ်ရေး၊ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ ရပ်တည်ချက်ဟာ ပြတ်သားတယ်လို့ ရက္ခိုင့်တပ်တော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ တိုင်းရင်းသား လူမျိုးတွေနဲ့ တစ်သားတည်း ရပ်တည်ချက်၊ အမျိုးသား လွတ်မြောက်ရေးအတွက် တပ်ပေါင်းစုအနေနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ KNU ရဲ့ ရပ်တည်ချက်ဟာ ပိုထင်ရှားလာတယ်လို့ ဇန်နဝါရီ ၃၁ ရက် ဒီကနေ့ ကျရောက်တဲ့ (၇၃) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ ဖော်ပြထားတာပါ။
လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ်ကတည်းက (၇၃) နှစ်တာ တော်လှန်ရေး ကာလအတွင်း ကရင့်အာဇာနည်တွေ၊ ပြည်သူလူထုတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုကို ဦးညွှတ်အလေးပြုတယ်လို့ ရေးသားထားပါတယ်။
နောက်ပြီး ရက္ခိုင့်တပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ် သုံးဖွဲ့ဟာ ဘုံရန်သူ တူညီပြီး စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တူ အခြားမိတ်ဖက် အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး ခုံခံကာကွယ်တဲ့ သဘောနဲ့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
လွတ်လပ်ရေး ရပြီးကတည်းက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေက စစ်အာဏာရှင် ကို တော်လှန်နေကြသလို လက်ရှိ အာဏာသိမ်း စစ်ကောင်စီကိုလည်း ဗမာလူမျိုးတွေ ကိုယ်တိုင် ခုခံတွန်းလှန် နေကြတာမို့ စစ်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံးက မလိုလား ဘူးဆိုတာ ပြသနေတယ်လို့ ဖော်ပြထားပါတယ်။
ရက္ခိုင့်တပ်တော် AA နဲ့ စစ်တပ်တို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကစပြီး ရခိုင်ပြည်နယ် ထဲမှာ နှစ်နှစ် နီးပါးကြာ တိုက်ပွဲတွေဖြစ်ခဲ့သလို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့တွေဟာလည်း ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် မူဆိုရွာအနီးမှာ လူ ၃၅ ယောက် မီးရှို့ အသတ်ခံရတာကို စစ်ကောင်စီကို အမြန်ဆုံးအရေးယူပေးဖို့ ညီနောင်မဟာမိတ် သုံးဖွဲ့က တောင်းဆိုထားပါတယ်။